ဘူးသီးတောင်မှာ အကြမ်းဖက်သမားနဲ့ လုံခြုံရေးတပ်ဖွဲ့ ပစ်ခတ်မှုဖြစ်

  • 9 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ
Image caption တွေ့ရှိခဲ့တဲ့ သေနတ် ၂ လက်ထဲက တလက်ဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်း ကျီးကန်းပြင် နယ်ခြားစောင့်စခန်းက လုယူခံခဲ့ရတဲ့ ဘီအေ ၉၄ အမျိုးအစား သေနတ် ဖြစ်

ဇွန်လ ၉ ရက်နေ့ မနက်ပိုင်းက ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ်က တင်းမေကျေးရွာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အကြမ်းဖက်သမား သုံးဦး ပစ်ခတ်မှု ဖြစ်ခဲ့ရာမှာ အကြမ်းဖက်သမား ၂ သေဆုံးပြီး ၁ ဦးကို ဖမ်းမိခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီဖြစ်စဉ်မှာ အကြမ်းဖက်သမားတွေက နေအိမ်တခု အတွင်းကနေ စတင် ပစ်ခတ်ခဲ့တာ ဖြစ်ပြီး အဲဒီနေအိမ်အတွင်းကနေ သေနတ် ၂လက်နဲ့ ကျည်တောင့်တွေ အပါအဝင်၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းတွေနဲ့ စကားပြောစက်တွေကို သိမ်းဆည်းရမိခဲ့သလို လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဟန့်တား နှောက်ယှက်တဲ့ အသက် ၇၀ အရွယ် ဦးဇာဘဲရ် ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ဒီကော်မတီရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အဲဒီနေအိမ်အတွင်းမှာ တွေ့ရှိခဲ့တဲ့ သေနတ် ၂ လက်ထဲက တလက်ဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်း ကျီးကန်းပြင် နယ်ခြားစောင့်စခန်းက လုယူခံခဲ့ရတဲ့ ဘီအေ ၉၄ အမျိုးအစား သေနတ် ဖြစ်တယ်လို့လည်း သိရပါတယ်။

အခုလို ပစ်ခတ်မှု ဖြစ်ပြီး နောက်ပိုင်းမှာ ဖမ်းဆီးရမိသူတွေကို စစ်ဆေးနေသလို တင်းမေကျေးရွာနဲ့ ပတ်ဝန်းကျင်တလျှောက်မှာ တပ်မတော်နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ်လို့သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း မတည်ငြိမ်မှု အခြေအနေတွေအတွက် လုံခြုံရေးတိုးမြှင့်ချထားဖို့သာ လိုအပ်ပြီး စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ရတဲ့အထိ အခြေအနေ မဆိုးသေးဘူးဆိုပြီး ရခိုင်အမျိုးသားပါတီ အလုပ်အမှုဆောင် ကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက အစောပိုင်းက ဘီဘီစီရဲ့ မေးမြန်းချက်ကို ဖြေကြားထားခဲ့ပါတယ်။

ရခိုင်ပြည်နယ်က လုံခြုံရေးဆောင်ရွက်ချက်များအပေါ် အစိုးရရဲ့ တာဝန်ယူမှုကို အာမခံနိုင်ဖို့အတွက် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ပေးဖို့ ဆိုပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အပါအဝင် ပါတီ ၁၄ ခုက ဇူလိုင်လ ၆ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

အခုလို စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ဖို့ဆိုရင် နိုင်ငံတော် သမ္မတက နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ အစည်းအဝေးခေါ်ပြီးမှ ထုတ်ပြန်နိုင်တာ ဖြစ်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းက ဘူးသီးတောင်နဲ့ မောင်တောဒေသတွေမှာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ က ထုတ်ပြန်ထားပြီးသား ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ