ချင်းတွင်းမြစ်ရေတိုးလို့ လူ ၅ ထောင်ကျော် နေရာ ရွှေ့ထားရ

  • 9 ဇူလိုင် 2017
Image caption အထက်ပိုင်း ဒေသတွေမှာ မိုးများနေလို့ ချင်းတွင်းမြစ်ရေ တိုးနေ

စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ ချင်းတွင်း မြစ်ရေဟာ စိုးရိမ် ရေမှတ် ကျော်လွန် နေဆဲ ဖြစ်ပြီး လူ ဦးရေ ၅ ထောင့် ၅ ရာ နီးပါးကို နေအိမ်တွေ ကနေ ရွှေ့ပြောင်း ပေးခဲ့ရတယ်လို့ ဒေသခံ အာဏာပိုင် တွေက ပြောပါတယ်။

ဟုမ္မလင်းနဲ့ ဖောင်းပြင် မြို့တွေမှာ ဆိုရင် မြစ်ရေ တိုးလာတဲ့ ဒဏ်ကြောင့် အိမ် အလုံးလိုက် ဖျက်ပြီး ရွှေ့ပြောင်း ပေးရတာမျိုး ရှိတယ်လို့လည်း ဆိုပါတယ်။

ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေမှာ ဖွင့် လှစ် ထားရှိတဲ့ ယာယီ စခန်းတွေထဲ ထောင်နဲ့ချီတဲ့ ရေဘေး ဒုက္ခသည် ခိုလှုံ နေ ကြရပါတယ်။

လောလောဆယ် စာရင်းဇယားတွေ အရ လူ သေဆုံးမှု မရှိ သေးပေမယ့်၊ ဒေသခံတွေကို သတိ ထား နေထိုင် ကြဖို့ အာဏာပိုင်တွေ က နှိုးဆော် ထားပါတယ်။

ချင်းတွင်း မြစ်ဟာ နှစ်စဉ် ရေကြီး ရေလျှံလေ့ ရှိတာမှာ ဒီနှစ်မှာလည်း အချိန် မတိုင်ခင် သီတင်းပတ် အနည်းငယ် စော ပြီး အခုလို မြစ်ရေ တိုးမြင့်လာ တာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းထဲက ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း နဲ့ မုံရွာ ဒေသ တွေမှာ ရေကြီးမှု ဘေးဒုက္ခ တွေကို ခံစားနေရတာပါ။

ကချင်ပြည်နယ် ထဲက တနိုင်းနဲ့ ဖားကန့်လို အထက်ပိုင်း ဒေသတွေမှာ မိုးများနေတဲ့ အတွက် အခုလို ချင်းတွင်းမြစ်ရေ တိုးနေတယ်လို့ ယူဆ ရပါတယ်။