မစ္စယန်ဟီးလီ မြန်မာပြည်ကို ဒီနေ့ ရောက်မယ်

  • 9 ဇူလိုင် 2017
Image caption ရှမ်းပြည်နယ်ထဲက နေရာတချို့ကို အစိုးရက လုံခြုံရေး အကြောင်းပြချက်နဲ့ ငြင်းပယ်ထား

မြန်မာ နိုင်ငံရဲ့ လူ့ အခွင့်အရေး အခြေအနေတွကို လေ့လာဖို့ ကုလသမဂ္ဂက စေလွှတ်တဲ့ အထူးကိုယ်စားလှယ် ယန်ဟီးလီဟာ ၆ ကြိမ်မြောက် ခရီးစဉ် အဖြစ် မြန်မာ နိုင်ငံကို ဒီကနေ့ (ဇူလိုင်လ ၁ဝရက်နေ့မှာ) လာရောက်ဖို့ စီစဉ် ထားပါတယ်။

မြန်မာပြည်ထဲက လူ့အခွင့်အရေးနဲ့ သက်ဆိုင်တဲ့ သတင်းအချက်တွေကို ဇူလိုင်လ ၂၁ ရက်နေ့ အထိ မစ္စလီ စုဆောင်း သွားမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ လူ့ အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံး က ထုတ်ပြန် ထားပါတယ်။

မစ္စလီဟာ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တွေ ထဲထိ သွားရောက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ နိုင်ငံ နေရာ အတော်များများမှာ လုံခြုံရေး ဆိုင်ရာ စိုးရိမ်ရတဲ့ အခြေအနေတွေ တိုးမြင့် လာတဲ့ အတွက် လူ့အခွင့်အရေး ကိစ္စတွေ အပေါ်မှာပါ နောက်ဆက်တွဲ သက်ရောက်မှု ရှိလာတဲ့ အပေါ် အထူး စိုးရိမ် မိတယ် ဆိုပြီး မစ္စလီက ပြောထားပါတယ်။

အထူး စီးပွားရေး ဇုံတွေ ဆိုပြီး ဖော်ဆောင်တဲ့ အရပ်တွေမှာ ဒေသခံတွေ ရဲ့ လူ့ အခွင့်အရေး အခြေအနေတွေ ဘယ်လို ထိခိုက်ရသလဲ ဆိုတာကိုပါ အခု ၁၂ ရက် ခရီးစဉ် အတွင်း မစ္စလီ လေ့လာ သွားဖို့ ရှိပါတယ်။

ရှမ်းပြည်နယ်ထဲ မစ္စလီ သွားရောက်လိုတဲ့ နေရာတချို့ကို မြန်မာအစိုးရက လုံခြုံရေး အကြောင်းပြချက်နဲ့ ငြင်းပယ် ထားပြီး ဖြစ်တယ်လို့ မစ္စလီက ဆိုထားပါတယ်။

အခုတစ်ခေါက် ခရီးစဉ် အတွင်း တွေ့ရှိချက်တွေကို အခုနှစ် အောက်တိုဘာလထဲ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မစ္စ ယန်ဟီးလီက အစီရင်ခံစာ တင်သွင်းမှာ ဖြစ်ပါတယ်။