ယန်ဟီးလီး ရန်ကုန်ရောက်ကမန်တွေနဲ့ တွေ့

  • 11 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် U Tun Wai
Image caption ရန်ကုန်မှာပြောင်းရွှေ့အခြေချတဲ့ ကမန်အသိုင်းအဝိုင်းနဲ့ ယန်ဟီလီတို့ တွေ့ဆုံစဉ်

မြန်မာနိုင်ငံကို ၁၂ရက်ကြာ ခရီးစဉ် ရောက်ရှိလာတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီးဟာ ရမ်းဗြဲမြို့ ဒုက္ခသည် စခန်းကနေ ရန်ကုန်ကို ပြောင်းရွှေ့လာတဲ့ ကမန် မိသားစုဝင် တချို့နဲ့ တွေ့ဆုံပြီး သူတို့ရဲ့ အခက်အခဲတွေကို မေးမြန်းခဲ့ပါတယ် ။

ကမန် မိသားစု ၅၅ စု ရမ်းဗြဲက ရန်ကုန်ကို ပြောင်းမယ် ဆိုရင် တစုကို ငွေ ၅ သိန်းစီနဲ့ သန်းခေါင်စာရင်း ပုံစံ ၁ဝ၊ လေယာဉ် လက်မှတ်တွေ ပေးမယ်လို့ ရမ်းဗြဲ အုပ်ချုပ်ရေးမှူးက ပြောလို့ ပြောင်းလာကြတာလို့ ကမန် လူမှု ကွန်ယက် ဥက္ကဋ္ဌ ဦးထွန်းဝေက ပြောပါတယ်။

ဒုက္ခသည်တွေက အိမ်ပြန်မရမယ့် အတူတူ ရန်ကုန်မှာ ဖြစ်သလို လုပ်ကိုင် စားဖို့ ပြောင်းလာကြတာ လို့လည်း သိရပါတယ်။

သူတို့ စားဝတ်နေရေးမှာ အိမ်ခန်းကို တလ ၅ သောင်း ပေးငှားနေရတဲ့ အတွက် အဆင်မပြေမှုတွေ ရှိပြီး ဒီအကြောင်း သမ္မတ၊ ဒုသမ္မတ တွေနဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ လူမှု ဝန်ထမ်း ဝန်ကြီး စသူတွေဆီ စာရေး အကူအညီ တောင်းထားတယ်လို့ ပြောပါတယ်။

မစ္စ ယန်ဟီးလီးဘက်က ဒီတင်ပြချက်တွေကို အစိုးရ ဘက်နဲ့ တွေ့ရင် ပြောပေးမယ်လို့ ဆိုကြောင်း သိရပါတယ်။

သူတို့ ဒီပြောင်းလာစဉ်က နေရေးထိုင်ရေး အခက်အခဲရှိတာ မပြောဘဲ အလုပ်အကိုင် ကိစ္စ အဆင်မပြေရင် ကူညီပေးလို့ ရကြောင်း လူမှုဝန်ထမ်းနဲ့ ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေး ဌာန အမြဲတမ်း အတွင်းဝန် ဦးစိုးအောင်က ပြောပါတယ်။

သူတို့ကို မြန်မာနိုင်ငံထဲ ကြိုက်တဲ့ နေရာ နေခွင့်ရှိကြောင်းနဲ့ ရခိုင်ပြန်ချင်ရင်လည်း ပြန်ခွင့်ပေးမယ် ဆိုပေမယ့် ကမန်တွေ ဘက်က ပြန်လိုစိတ်မရှိဘူးလို့ ပြောပါတယ်။ လောလောဆယ် သူတို့ကို ကမန် လူမှုကွန်ယက်က ထောက်ပံ့ ပေးနေပြီး မှော်ဘီ၊ ထောက်ကြန့် ဘက်မှာ နေကြပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့ အခွင့်အရေးအခြေအနေတွေကို လေ့လာဖို့ မစ္စ ယန်ဟီးလီ ၆ ကြိမ်မြောက် ခရီးစဉ် အဖြစ် မြန်မာနိုင်ငံကို ဇူလိုင်လ ၉ ရက်ညက ရောက်ရှိလာပါတယ်။

မစ္စယန်ဟီလီက အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ လည်း တွေ့ဆုံဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ