အချက်အလက် ရှာဖွေရေးအဖွဲ့ကို ဝင်ခွင့်ပြုဖို့ ထိပ်တန်း အမေရိကန်သံ တိုက်တွန်း

  • 10 ဇူလိုင် 2017
Image caption နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ လျစ်လျူ ရှုထားဖို့ရာ မဖြစ်နို

မြန်မာ နိုင်ငံထဲက ရိုဟင်ဂျာ မျိုးနွယ်စုတွေ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိသလား ဆိုတာ စုံစမ်း လေ့လာဖို့ ကုလသမဂ္ဂက ဖွဲ့စည်းထားတဲ့ အချက်အလက် ရှာဖွေရေး အဖွဲ့ကို မြန်မာ အစိုးရ အနေနဲ့ နိုင်ငံထဲ ဝင်ခွင့် ပေးပါ ဆိုပြီး ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ် နစ်ကီ ဟေလီက တောင်းဆို လိုက်ပါတယ်။

ဒါ့ကြောင့် အဲဒီ အဖွဲ့ကို ဝင်ခွင့်ပြုမှာ မဟုတ်ဘူး ဆိုပြီး ငြင်းဆိုထားတဲ့ မြန်မာ အစိုးရ အပေါ် ဖိအားတွေ ပိုမို ဖြစ်လာ စေပါတယ်။

မြန်မာ နိုင်ငံထဲ ဖြစ်ပေါ် နေတာတွေကို နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ လျစ်လျူ ရှုထားဖို့ရာ မဖြစ်နိုင်ဘူး ဆိုပြီး မစ္စ ဟေလီရဲ့ ထုတ်ပြန်ချက်ထဲ ပါဝင်ပြီး ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး အဖွဲ့နဲ့ အပြည့်အဝ ပူးပေါင်း ဆောင်ရွက်ဖို့လည်း မြန်မာအစိုးရကို တိုက်တွန်းထားတာ တွေ့ရပါတယ်။

ကုလသမဂ္ဂက စေလွှတ်တဲ့ လူ့ အခွင့်အရေး ဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စ ယန်ဟီးလီ မြန်မာနိုင်ငံထဲ ရောက်ရှိ နေချိန်မှာပဲ အမေရိကန်ရဲ့ ထိပ်တန်း သံတမန် တစ်ဦးဆီက အခုလို တောင်းဆို လာတာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံရဲ့ လက်ရှိ ပြည်တွင်း အခြေအနေနဲ့ ကိုက်ညီမှု မရှိတဲ့ အတွက် အချက်အလက် ရှာဖွေရေး အဖွဲ့ကို လက်ခံမှာ မဟုတ်ဘူး ဆိုပြီး မြန်မာ အစိုးရက တရားဝင် ပြောဆို ထားပါတယ်။

မစ္စယန်ဟီးလီရဲ့ အခုခရီးစဉ်ဟာ အဲဒီ မစ်ရှင်အဖွဲ့ရဲ့ လုပ်ပိုင်ခွင့် တာဝန်နဲ့ ပတ်သက်ခြင်း မရှိရဘူး ဆိုပြီး မြန်မာ အစိုးရဘက်ကတော့ အစောပိုင်း ကတည်းက ကြိုတင် သတိပေး ပြောဆို ထားပါတယ်။

ဖေဖေါ်ဝါရီလတုန်းက ထုန်ပြန်ခဲ့တဲ့ ကုလသမဂ္ဂ အစီရင်ခံစာထဲမှာ ရိုဟင်ဂျာ တွေ အပေါ် ကျူးလွန် နေတာတွေဟာ စစ်ရာဇဝတ်မှု မြောက်ဖို့ အင်မတန် ဖြစ်နိုင်ခြေ ရှိတယ် ဆိုပြီး ပါဝင် ခဲ့တဲ့နောက်၊ မေလ ထဲမှာတော့ ပုဂ္ဂိုလ် ၃ ယောက်ပါ မစ်ရှင် အဖွဲ့ကို ဂျနီဗာ အခြေစိုက် လူ့ အခွင့်အရေး ကောင်စီက ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။