ကော့ဇ်ဘဇား စခန်းတွေထဲ ကာလတစ်ခုအထိ ဆက်နေရဖွယ်ရှိ

  • 10 ဇူလိုင် 2017
Image caption ကော့ဇ်ဘဇား နယ်ထဲက ရိုဟင်ဂျာ ဒုက္ခသည် စခန်း နှစ်ခုကို သွားရောက်

ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး ဖလိပို ဂရန်ဒီဟာ ဘင်္ဂလားဒေ့ရှ် ကော့ဇ်ဘဇား နယ်ထဲက ရိုဟင်ဂျာ ဒုက္ခသည် စခန်း နှစ်ခုကို သွားရောက်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်ထဲ ဖြစ်ပေါ် ခဲ့တဲ့ မငြိမ်မသက်မှု တွေကြောင့် ထွက်ပြေး လာကြသူတွေ သိန်းနဲ့ချီ ပြီး အဲဒီက ဒုက္ခသည် စခန်းတွေမှာ ခိုလှုံ နေကြရတယ်လို့ ဆိုပါတယ်။

ဒုက္ခသည်တွေ အနေနဲ့ အဲဒီ စခန်းတွေမှာ အချိန်ကာလ တချို့ ဆက်လက်ပြီး နေထိုင်ရဖွယ် ရှိတယ်လို့ မစ္စတာ ဂရန်ဒီက ဆိုပါတယ်။

မစ္စတာ ဂရန်ဒီရဲ့ အရှေ့တောင်အာရှ ခရီးစဉ် အစမှာ မြန်မာနိုင်ငံကို သွားရောက် ခဲ့တုန်းက ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရ တာဝန်ရှိသူတွေနဲ့ မစ္စတာ ဂရန်ဒီ ဆွေးနွေး ခဲ့ပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်လည် လက်ခံဖို့ ဆိုတာ အချိန်ယူ စိစစ်ရမှာ ဖြစ်တယ်လို့ မြန်မာ အာဏာပိုင်တွေက မစ္စတာ ဂရန်ဒီကို ပြောဆို ခဲ့တဲ့ အတွက် ကော့ဇ်ဘဇား စခန်းတွေထဲ ဒုက္ခသည်တွေ ကာလ အတိုင်းအတာ တစ်ခုအထိ ဆက်လက် သောင်တင် နေကြရဖွယ် ရှိတယ်လို့ မစ္စတာ ဂရန်ဒီက ပြောဆို လာတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး အနေနဲ့ စိစစ်ရေးမှာ လိုအပ်တဲ့ အကူအညီတွေ၊ ကျွမ်းကျင်သူတွေ ပံ့ပိုးပေးမယ် ဆိုပြီး မြန်မာ အစိုးရကို သူ့ဘက်က ကမ်းလှမ်း ထားတယ်လို့လည်း မစ္စတာ ဂရန်ဒီက ဆိုပါတယ်။

ဒုက္ခသည်တွေရဲ့ ကိုယ်ပိုင် သဘောဆန္ဒနဲ့သာ နေရပ်ရင်း ပြန်ရေးကို ဆောင်ရွက်ရမှာ ဖြစ်ပြီး၊ အတင်းအကြပ် မစီစဉ်သင့်ဘူးလို့ မစ္စတာ ဂရန်ဒီက ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိခ်ဟာဆီနာနဲ့ တွေ့ဆုံတုန်းမှာလည်း ပြောကြားခဲ့ပါတယ်။