မိတ္ထီလာမှာလူသစ်ဝင်တာ မကြိုက်လို့ အုပ်စုဖွဲ့ တိုက်ခိုက်

  • 11 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် Sai Zay Aung
Image caption ၂၀၁၃ ခုနှစ်က ပဋိပက္ခတွေ မိတ္ထီလာမှာ အကြီးအကျယ် ဖြစ်ခဲ့

မိတ္ထီလာမြို့ ပြည်သာယာ မြို့သစ် မြောက်ဖက်က အစ္စလာမ် ဘာသာဝင် နေအိမ် တစ်အိမ်ကို လူ လေးငါးဆယ် လောက်က သွားရောက် ရန်ပြု တိုက်ခိုက်မှု ဇူလိုင် ၁၀ ရက်နေ့ ညက ဖြစ်ပွားခဲ့ ပါတယ်။

တုတ်ဓါး တွေနဲ့ တိုက်ခိုက်ခံရတဲ့ အတွက် ဦးလှအောင်ခေါ် မိုဟာမက် အလီက ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ အတွက် ဆေးရုံမှာ ကုသမှု ခံနေရပေမဲ့ အသက် အန္တရာယ် မစိုးရိမ်ရဘူးလို့ ဒေသခံ တွေက ပြောပါတယ်။

အဲဒီလူက ဆွေမျိုးသားချင်း တစ်ယောက် ဆီကနေ အိမ်ကို ဝယ်ယူပြီး မကြာသေးခင် ရက်ပိုင်းကမှ ရပ်ကွက်ထဲကိုပြောင်းလာတာလို့ ပြည်သာယာ မြို့သစ်တောင်ပိုင်းက ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမင်းမင်းက ပြောပါတယ်။

အဲဒီ မွတ်ဆလင်တွေကို ရပ်ကွက်ထဲမှာ လက်မခံဖို့နဲ့ အိမ်ကို တရားဝင် အရောင်း အဝယ် လုပ်ဖို့ ဘုန်းတော်ကြီး နှစ်ပါးက ရဲစခန်းမှာ သွားပြောတဲ့ အချိန်မှာပဲ အဲဒီ တိုက်ခိုက်မှု ဖြစ်ခဲ့တာလို့ သူက ဆိုပါတယ်။

တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အမှုဖွင့် ထားပေမဲ့ ဖမ်းဆီးတာတော့ မရှိသေးဘူးလို့ ဦးမင်းမင်းက ပြောပါတယ်။

၂၀၁၃ ခုနှစ်က လူမျိုးရေးဆန်တဲ့ ပဋိပက္ခတွေ အကြီးအကျယ် ဖြစ်ခဲ့ပြီး နောက်ပိုင်း အခုချိန်ထိ အခြေအနေတွေ တည်ငြိမ်နေတဲ့ သဘောတွေ့မြင်ရပါတယ်။

အခုအကြိမ်ကတော့ ကိုယ့်နေအိမ်မှာ နေထိုင်သူကို အုပ်စုနဲ့ သွားရောက် တိုက်ခိုက်မှု မိတ္ထီလာမှာ ပထမဆုံး အကြိမ် ဖြစ်ပွားတာလည်း ဖြစ်ပါတယ်။