မဘသ ဆိုင်းဘုတ်တွေ လုံးဝ မဖြုတ်လို့ဆို

  • 12 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် NAY LIN
Image caption မန္တလေး မဘသအဖွဲ့ အရေးပေါ် အစည်းအဝေး ဇူလိုင် ၁၂ ရက်နေ့ကခေါ်ယူဆွေးနွေး

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ မဘသ ဆိုင်းဘုတ်တွေ ဖြုတ်ဖို့ နိုင်ငံတော် သံဃ မဟာနာယက မဟန က ညွှန်ကြားထားပေမဲ့ မဖြုတ် နိုင်ကြောင်း မဟန အဖွဲ့ကို တင်ပြမယ်လို့ မန္တလေးတိုင်း မဘသ အဖွဲ့က ပြောပါတယ်

အင်္ဂါနေ့က မန္တလေးတိုင်း သံဃ မဟာ နာယက ဆရာတော်တွေက မဘသ ဆရာတော်တွေကို ခေါ်ယူပြီး မဟန က ထုတ်ပြန်ထားတဲ့ အမိန့်ဖြစ်လို့ မဟနကိုပဲ စာတင်ရင် ပြန်စိစစ်ပြီး ဆိုင်းဘတ်ဖြုတ်ရေး ဆိုင်းငံ့ ထားနိုင်တယ်လို့ ပြောတဲ့ အတွက် မဘသအဖွဲ့ အရေးပေါ် အစည်းအဝေး ခေါ်ယူပြီးနောက် စာတင်ဖို့ ဆုံးဖြတ် လိုက်တာလို့ ဆိုပါတယ်။

မဘသဟာ သီးခြားဂိုဏ်း ဂဏ အနေနဲ့ ခွဲထွက်တာ မဟုတ်လို့ သံဃ ဝိနိစ္ဆယ လုပ်ထုံး လုပ်နည်းတွေ နဲ့လည်း ငြိစွန်းခြင်း မရှိဘူးဆိုတာ ဇူလိုင် ၁၃ ရက်နေ့မှာ သွားရောက် စာတင်မယ်လို့ မန္တလေး မဘသ အဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဆရာတော် ဦးယဿ က မိန့်ပါတယ်။

ဆိုင်းဘုတ်တွေ ဖြုတ်သိမ်းဖို့ နောက်ဆုံး သတ်မှတ်ရက် ဇူလိုင် ၁၅ ရက် နောက်ပိုင်း အဖျက်ဆီး မခံရအောင် မဘသ ဆိုင်းဘုတ်တွေ အနီးမှာ မဘသ အဖွဲ့ဝင်တွေ စောင့်ရှောက်မယ် လို့လည်း ဆရာတော်က ဆိုပါတယ်။

မဘသ အဖွဲ့ဝင်တွေက လက်နက်တွေ မကိုင်ဆောင်ဘဲ အေးအေးချမ်းချမ်း ကင်းစောင့်မှာ ဖြစ်ပြီး အကြမ်းဖက် ဖြိုခွင်းတာ အတင်းအဓမ္မ ဖြုတ်တာတွေ လုပ်လာရင် အမိန့်ထုတ် ထားတဲ့ သံဃ မဟာ နာယက နဲ့ အစိုးရမှာပဲ တာဝန်ရှိတယ်လို့ ဆရာတော် ဦးယဿ က မိန့်ပါတယ်။

မဘသ အနေနဲ့ ဆိုင်းဘုတ် တွေကို ဘယ်နည်းနဲ့မှ ဖြုတ်မှာ မဟုတ်လို့ အရေးယူ လာရင်လည်း ရင်ဆိုင်သွားမယ်လို့ ဆရာတော် ဦးယဿ က မိန့်ပါတယ်။ ။