ကျောက်မီးသွေး ထုတ်လုပ်မှုကြောင့် တီဘီ အဆုတ်နာ ဖြစ်သူတိုးလာ

  • 12 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် SANJIB DUTTA
Image caption ကျောက်မီးသွေး ထုတ်လုပ်မှုကြောင့် အသက်ရှုလမ်းကြောင်း ဆိုင်ရာ ဒုက္ခတွေ့နေ

ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ္မရွာ မှာ တူးဖေါ်နေတဲ့ကျောက်မီးသွေးတွင်းကြောင့် တီဘီ အဆုတ်နာရောဂါဖြစ်ပွားမှုမြင့်တက်လာနေပြီး ရေရှည်လေထုညစ်ညမ်းမှာကို ဒေသခံတွေစိုးရိမ်နေကြပါတယ်။

ဒါ့အပြင် စိုက်ပျိုးမြေဆုံးရှုံးမှု ရေစီးရေလာ ပိတ်ဆို့မှု ရေညစ်ညမ်းမှုစတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ဆိုင်တဲ့ပြဿနာတွေလည်း ရင်ဆိုင်နေရတယ်လို့ ချင်းမိုင်အခြေစိုက် ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်မှ သတင်းထုတ်ပြန်ထားပါတယ်။

၂၀၁၅ ကနေ စဖြစ်ခဲ့ တီဘီ ရောဂါ ဟာ အခု လက်ရှိမှာတင် စာရင်းရထားသူ ကျား ၈ယောက် မ၂ယောက် အားလုံးပေါင်း ၁၀ယောက် ရှိတယ်လို့ ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်မှပြောခွင့်ရသူ စိုင်းကွန်းလျောင်း ကပြောပါတယ်။

ရောဂါ ဖြစ်ပွားသူတွေ အနေနဲ့ သီပေါ ဆေးရုံကြီးကို သွားရောက် ဆေးကုသ ခံယူနေပေမယ့် ဘာသာစကား အခက်အခဲ ၊ ခရီးသွားလာ ရတဲ့ ဒုက္ခတွေနဲ့ ရင်ဆိုင်နေတယ်လို့ သူက ဆိုပါတယ်။

ကျောက်မီးသွေး တူးဖော် ထုတ်လုပ်နေတဲ့ ငွေရည်ပုလဲ ကုမ္ပဏီက တာဝန်ရှိသူတွေကို သွားရောက် တွေ့ဆုံကာ ဒေသခံတွေ ရင်ဆိုင်နေရတဲ့ အခြေအနေ ၊ အခုလို ရောဂါ ဖြစ်ပွားမှုတွေကို ရှင်းပြပြီး ဒီလုပ်ငန်းကို ရပ်ဖို့ ၂၀၀၄ ခုနှစ် ကတည်းက တစိုက်မတ်မတ် တောင်းဆို လာခဲ့ပေမယ့် ဘာမှ ဖြစ်မလာဘူးလို့ သူက ပြောပါတယ်။

မိုင်းကိုင်မှာ ဖြစ်ခဲ့တဲ့ ကိစ္စမှာ ဆိုရင် ပြည်သူလွှတ်တော်ထိ တင်ပြခဲ့ပေမယ့် ထိရောက်မှု ရှိတာ မတွေ့ရဘူးလို့ သူက ဆိုပါတယ်။

ကျောက်မီးသွေး ထုတ်လုပ်မှုကနေ လွင့်လာတဲ့ ပြာမှုန်တွေ က စိုက်ခင်းတွေဆီ ဖုံးလွှမ်းကာ အန္တရယ်ပေးနေတာကြောင့် ဒေသခံ လူထုရဲ့ ပြောင်းခင်း နဲ့ စပါးစိုက်ခင်း တွေ ထိခိုက်ခဲ့သလို အခုလို တီဘီ ရောဂါ ဖြစ်ပွားတဲ့ အတွက် ဒေသခံ တွေမှာ ဆေးကုရ အလုပ်မလုပ်နိုင်လို့ ၀င်ငွေ ထိခိုက်ရတာတွေ ဖြစ်လာတယ်လို့ သူက ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် ဒီလုပ်ငန်းက ထွက်တဲ့ စွန့်ပစ် ပစ္စည်းတွေကို ပုံထားတဲ့ နေရာက အနံ့ ဆိုးတွေ ထွက်သလို တွင်းတူးပြီး သယ်သွားတဲ့ ကားတွေ ယန္တရားတွေ အရှိန်နဲ့မောင်းနှင်မှုကြောင့် ရွာလမ်းမှာ မတော်တဆ ယာဉ်တိုက်မှုတွေလည်း ကြောက်နေရတယ်လို့ ဆိုပါတယ်။

ဒေသခံတွေ အနေနဲ့ ကုမ္ပဏီ ဆီက ကျန်းမာရေး စောင့်ရှောက်မှု ၊ တခြား အထောက်အပံ့တွေလည်း ဘာမှ မရခဲ့ဘဲ သူတို့ အနေနဲ့ ဒီစီမံကိန်းကို ရပ်စေချင်တယ် ဒါ့အပြင် ဆုံးရှုံးမှုတွေ အတွက်လည်း လျှော်ကြေး ရချင်တယ်လို့ ပြောပါတယ်။

၂၀၀၄ ခုနှစ် ကတည်းက ဒီ လုပ်ငန်း ဖျက်သိမ်းဖို့ တောင်းဆိုနေတာ ဖြစ်ပြီး ထူးခြားမှု ရှိမလာတဲ့ အပေါ် ဆက်လက် တောင်းဆိုသွားမှာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ