မစ္စယန်ဟီးလီကိုအခက်အခဲတွေ တင်ပြကြ

  • 13 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် SHWE INNTHAR KHIN MG WIN
Image caption မစ္စယန်ဟီးလီက သတင်းမီဒီယာကောင်စီ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီကို ဇူလိုင်လ ၁၃ ရက်နေ့က တွေ့ဆုံခဲ့တဲ့ သတင်း မီဒီယာ ကောင်စီ တာဝန်ရှိသူတွေက သူတို့ ကြုံတွေ့နေရတဲ့ အခက်အခဲ အားလုံးကို တင်ပြခဲ့ကြ ပါတယ်။

အခု NLD အစိုးရ လက်ထက်မှာ အရေးယူမှုတွေ ပိုများလာနေတဲ့ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ဃ နဲ့ မတရားသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)တို့ရဲ့ အားနည်းချက်တွေ၊ အဓိပ္ပါယ် ကောက်ယူပုံတွေ အကြောင်းလည်း ပြောပြလိုက်တယ်လို့ သတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဌ ဦးအောင်လှထွန်းက ဘီဘီစီကို ပြောပါတယ်။

ဇူလိုင်လ ၁၃ ရက်နေ့က ရခိုင်ပြည်နယ် ခရီးစဉ် အဆုံးသတ်ပြီး ရန်ကုန်ကို ပြန်ရောက် လာတဲ့နေ့မှာပဲ တွေ့ဆုံခဲ့တာ ဖြစ်ပြီး နိုင်ငံမှာ တာဝန် အရှိဆုံးပုဂ္ဂိုလ် သိအောင် တင်ပြ ပေးမယ်လို့ မစ္စယန်ဟီးလီက ပြောသွားကြောင်း သူက ပြောပါတယ်။

မနက်ပိုင်းကတော့ မစ္စယန်ဟီးလီက စစ်တွေမြို့နယ် သက်ကယ်ပြင် နဲ့ သဲချောင်း မွတ်ဆလင် ဒုက္ခသည်စခန်းတွေကို သွားရောက် ကြည့်ရှုခဲ့ ပါတယ်။

သက်ကယ်ပြင်က မွတ်ဆလင် ဒုက္ခသည် လူငယ် ၄ ယောက်နဲ့ တံခါးပိတ် တွေ့ဆုံခဲ့ရာမှာ သူတို့ရဲ့ မွေးရာပါ အခွင့်အရေး ဆုံးရှုံးနေမှုနဲ့ တန်းတူ အခွင့်အရေး ရလိုမှုတွေကို ပြောပြ လိုက်တယ်လို့ တွေ့ဆုံရာမှာ ပါတဲ့ ကိုကျော်စိုးအောင်က ပြောပါတယ်။

၂၀၁၂ က ရခိုင်ပြည်နယ်မှာ လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ခဲ့ပြီးကတည်းက ဒုက္ခသည် စခန်းတွေမှာ ဆိုးရွားလှတဲ့ အခြေအနေ ကြားမှာ နေခဲ့ရလို့ ကိုယ့်နေရပ် ပြန်ချင်တယ်လို့လည်း ပြောလိုက်ကြောင်းလည်း အဲဒီ လူငယ်က ပြန်ပြောပါတယ်။

မစ္စယန်ဟီးလီကတော့ သူတို့ ပြောပြတဲ့ အချက်တွေကို မှတ်စုရေးမှတ်သွားတာကလွဲလို့ တစုံတရာ ပြန်လည် မှတ်ချက် မပေးခဲ့ဘူးလို့လည်း ကိုကျော်စိုးအောင်က ပြောပါတယ်။

မစ္စစ်ယန်ဟီးလီ ရခိုင်ပြည်နယ်ကို ရောက်နေချိန် မှာပဲ အမျိုးသားရေး ဆရာတော်လို့ လူသိများတဲ့ ဆရာတော် ဦးဝီရသူလည်း ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်တော ဒေသကို ရောက်နေ ပါတယ်။

ဆရာတော်ကတော့ သူ့ခရီးစဉ်ကို လွန်ခဲ့တဲ့ တစ်လကျော် ကတည်းက ကြိုတင် ပြင်ဆင်ထားခဲ့တာ ဖြစ်ပြီး လုံခြုံရေး တင်းကျပ်တဲ့ နေရာကိုသွားရောက်ခွင့်ရဖို့ ကြိုတင် ခွင့်ပြုချက်ယူခဲ့တယ်၊ မစ္စယန်ဟီးလီ နဲ့ အချိန်ကိုက် ရောက်နေတာကတော့ တိုက်ဆိုင်မှုသာ ဖြစ်တယ်လို့ မိန့်ပါတယ်။

မောင်တောဒေသက နယ်စပ်ဒေသ တိုင်းရင်းသားများ ဖွံ့ဖြိုးရေး ဆောင်ရွက်နေတဲ့ နယ်မြေက ရခိုင်တိုင်းရင်းသား တွေဆီကို သွားပြီး စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားတွေ ရအောင် အားပေးခဲ့တယ်လို့လည်း ဆရာတော်က မိန့်ပါတယ်။

မောင်တော ဒေသမှာ မွတ်ဆလင် အများစုကြား အနည်းအပါးသာ ကျန်တဲ့ ရခိုင် လူမျိုးတွေက စိတ်ဓါတ်ကျအောင် ခြိမ်းခြောက်ခံနေရလို့ စိုးရိမ်နေကြတဲ့အတွက် ဒေသတွင်းက မထွက်ခွာကြဖို့ အားပေး တိုက်တွန်း ခဲ့တယ်လို့လည်း ဆရာတော်ဦးဝီရသူက မိန့်ပါတယ်။