အိန္ဒိယနဲ့ မြန်မာ စစ်ဖက်ဆက်ဆံရေး အနေအထား

  • 13 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Image caption သင်တန်းကျောင်းတွေမှာ လေ့လာနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဟာ အိန္ဒိယ နိုင်ငံမှာ ရောက်ရှိနေပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အဖွဲ့ဟာ အိန္ဒိယမှာ ကာကွယ်ရေးတက္ကသိုလ်တွေအပါအဝင် လေ့ကျင့်ရေး သင်တန်းကျောင်းတွေ၊ အကြီးစား စက်မှုထုတ်လုပ်ရေး လုပ်ငန်းတွေကို သွားရောက်လေ့လာ ကြည့်ရှုခဲ့ပါတယ်။

မြန်မာတပ်မတော်ခေါင်းဆောင်တွေကို အိန္ဒိယဖက်က အထူးအလေးထား ကြိုဆိုခဲ့ ကြောင်းလည်း အိန္ဒိယ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။ ကြည်းတပ် ဦးစီးချုပ်ကိုယ်တိုင်လည်း ဂါယာမြို့အထိလာရောက်ပြီး ညစာနဲ့ တည်ခင်းဧည့်ခံခဲ့ပါတယ်။

တရုတ်နဲ့ မြန်မာနိုင်ငံအကြား ဆက်ဆံရေးတွေ နီးကပ်တိုးမြှင့်လာနေချိန်မှာ အိန္ဒိယဖက် ကလည်း တပ်မတော်ချင်း ဆက်ဆံရေးကို တိုးတက်အောင် ကြိုးစား လာနေတာဖြစ်တယ်။

ဒါပေမယ့် အိန္ဒိယ စစ်ရေး လေ့လာသုံးသပ်သူတွေ ကတော့ အိန္ဒိယဟာ တရုတ်လောက် မြန်မာနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရဖို့ မဖြစ်နိုင်ဘူးဆိုတာ အသိအမှတ်ပြုထားပါတယ်လို့ တကောင်း နိုင်ငံရေး လေ့လာမှု အဖွဲ့က ဒါရိုက်တာ ဦးရဲမျိုးဟိန်းက ပြောပါတယ်။

မြန်မာ့တပ်မတော်ဖက်ကတော့ နိုင်ငံတကာနဲ့ ဆက်ဆံရေးတွေကို တိုးချဲ့ဖို့ ဆက်တိုက်ကြိုးစား လာနေတာကို တွေ့ရတယ်လို့ ဦးရဲမျိုးဟိန်းက ပြောပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒီနှစ်အစောပိုင်းက ရုရှားနိုင်ငံကို သွားရောက် ခဲ့ပြီး၊ ဧပြီလအတွင်း ကလည်း ဥရောပက ဂျာမနီနဲ့ သြစတီးယားနိုင်ငံတွေကိုလည်း သွားရောက်ခဲ့ပြီး အခုအိန္ဒိယခရီးစဉ်ဟာ သုံးလအတွင်း သုံးနိုင်ငံမြောက်ခရီးစဉ် ဖြစ်ပါတယ်။

တပ်မတော်ဟာ အိန္ဒိယနဲ့ပဲ သီးသန့်ပူးပေါင်းသွားမယ်၊ တပ်မတော်ရဲ့ ပြည်ပဆက်ဆံရေးဟာ အိန္ဒိယကို ဦးစားပေးသွားမယ်လို့ ပြောလို့မရပေမယ့် နိုင်ငံတကာ ဆက်ဆံရေး ချဲ့ထွင်ရာမှာ အိန္ဒိယကလည်း အရေးပါတဲ့ မိတ်ဖက် နိုင်ငံတစ်ခု ဖြစ်လာမယ် ဆိုတာတော့ ထင်ရှားပါတယ်လို့ ဦးရဲမျိုးဟိန်းက သုံးသပ်ပြောကြားခဲ့ပါတယ်။