ရုရှားအတိုက်အခံကို သတ်သူတွေ ထောင်ဒဏ်ကျခံရ

  • 13 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် YURI KOCHETKOV
Image caption စီရင်ချက်ချမှတ်နေချိန်မှာလည်း တရားခံတွေက ပြုံးရယ်ရီမောနေကြ

ရုရှားမှာ အတိုက်အခံနိုင်ငံရေးသမား ဘောရစ်နမ့်ဆော့ကို သတ်ဖြတ်ခဲ့တဲ့ ချီချင်လူမျိုး ဂိုဏ်းရဲ့ ခေါင်းဆောင်ကို ရုရှား စစ်ခုံရုံးတစ်ခုကထောင်ဒဏ် အနှစ် ၂၀ ချလိုက်ပါတယ်။

ဂိုဏ်းခေါင်းဆောင် ဇာအူ ဒါဒါယော့ဟာ ချီချင်ဒေသ ခေါင်းဆောင် ရမ်ဇမ်ခါဒီရော့ဗ်ရဲ့ အထူးတပ်ဖွဲ့ အဖွဲ့ဝင် ဟောင်းတစ်ယောက်ဖြစ်ခဲ့သူပါ။

သူ့ရဲ့ အပေါင်းပါ လေးယောက်ကတော့ ၁၁ နှစ်ကနေ ၁၉ နှစ် အထိ ထောင်ဒဏ်အသီးသီး ချခံလိုက်ရပါတယ်။

တရားရုံးက မှန်လှောင်အိမ်ထဲမှာ လက်ထိပ်ခတ်လျှက် ရှိနေကြတဲ့ သူတို့ ငါးယောက်စလုံးက တရားသူကြီးက စီရင်ချက်ကို ဖတ်ကြားနေချိန်မှာ ရယ်မောပြုံးရယ် နေခဲ့ကြပြီး တစ်ယောက်က မှန်ငွေ့တွေပေါ်မှာ အလိမ်အညာတွေဆိုတဲ့ စာသားကို ရေးသားခဲ့ပါတယ်။

ဘောရစ်နမ့်ဆော့ရဲ့ မိတ်ဆွေ အီလျာယာရှင်ကတော့ အပြည့်အဝ မကြေနပ်နိုင်ဘူးလို့ ဆိုပါတယ်။

နမ့်ဆော့က ပြန်ရှင်လာမှာ မဟုတ်တော့ဘူး၊ ဒါပေမယ့် ကျူးလွန်သူတွေ ပြစ်ဒဏ်ရသွားတာကို ကြိုဆိုပါတယ်။ ထောင်ထဲက ဘယ်တော့မှ ပြန်မထွက်လာဖို့ကို မျှော်လင့်ပါတယ်လို့ ပြောပါတယ်။

ရုရှားဟာ သေနတ်သမားတွေကို ပြစ်ဒဏ် စီရင် တတ်ပေမယ့် သူတို့ကို နောက်ကွယ်က စေခိုင်းသူတွေကိုတော့ ဖော်ထုတ်အရေးယူတတ်တာ မရှိတဲ့အတွက် အခုအကြိမ်မှာလည်း စေခိုင်းသူတွေကို မမိမှာ စိုးတယ်လို့ မစ္စတာနမ့်ဆော့ရဲ့ မိသားစုက ပြောပါတယ်။ မိသားစုရှေ့နေကလည်း သူတို့ ဖက်က ဒီအမှုကို မပိတ်သိမ်းသေးဘူးလို့ ဆိုပါတယ်။