တပ်နဲ့ဦးဖြိုးမင်းသိန်း ကိစ္စ အစိုးရ တုံ့ပြန်

  • 14 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် U Phyo Min Thein Facebook
Image caption ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောဆိုမှုက တပ်နဲ့ အစိုးရ ဆက်ဆံရေးကို ထိခိုက်နိုင်တယ်လို့ တပ်မတော်ဆို

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရာထူးနဲ့ ပတ်သက်ပြီး ပြောခဲ့တဲ့ စကားဟာ တပ်နဲ့အစိုးရကြား အထင်လွဲစေတဲ့ အတွက် သူဆောင်ရွက် ရမယ့် အပိုင်းကို အစိုးရက ညွှန်ကြား လိုက်ပါတယ်။

အချက်သုံးချက်ကို ပြန်ကြား လိုက်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဋ္ဌေးက ဘီဘီစီကို ပြောပေမဲ့ ဦးဖြိုးမင်းသိန်း ဘယ်လို ဆောင်ရွက်ဖို့ ပြောထားတယ် ဆိုတဲ့ အသေးစိတ်ကိုတော့ သူက မပြောပါဘူး။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရာထူးဟာ ညွှန်ကြားရေးမှူးချုပ် အဆင့်ပဲ ရှိတယ်ဆိုပြီး ဦးဖြိုးမင်းသိန်းက ဇူလိုင်လ ၉ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားများဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခုမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

တပ်မတော် ဘက်ကတော့ ဒါဟာ တပ်မတော်ကို စော်ကား ပြောဆိုတာ ဖြစ်ပြီး တပ်မတော်နဲ့ အစိုးရ၊ တပ်မတော်နဲ့ ပြည်သူ ရေရှည် ဆက်ဆံရေးကို ခက်ခဲစေတဲ့ အတွက် ဦးဖြိုးမင်းသိန်းကို လိုအပ်သလို စိစစ် အရေးယူ ပေးဖို့ တပ်မတော်က ဇူလိုင်လ ၁၂ ရက်နေ့မှာ သဘောထား ထုတ်ပြန်ခဲ့ ပါတယ်။

ဦးဖြိုးမင်းသိန်းက ဒီမိုကရေစီ နိုင်ငံတွေမှာ ရှိကြတဲ့ အဆင့် အတန်းကို ပြောတာဖြစ်ပြီး လက်ရှိ တိုင်းပြည်ရဲ့ အခြေအနေကို ပြောတာ မဟုတ်တဲ့ အတွက် တပ်မတော်နဲ့ ရေရှည် ဆက်ဆံဖို့ မသင့်သူ ဆိုပြီး အရေးယူ ခိုင်းတာဟာ တပ်ဘက်က ပြင်းထန် လွန်းတယ်လို့ စာရေးဆရာ သတင်းစာဆရာ ဦးစည်သူ အောင်မြင့်က ပြောပါတယ်။

အစိုးရဘက်က ပြန်ကြားချက်မှာ ဦးဖြိုးမင်းသိန်းရဲ့ ပြောဆိုမှုဟာ အစိုးရသဘောထား မဟုတ်ကြောင်းနဲ့ အထင်အမြင် လွဲမှားမှုတွေ ဖြစ်စေခဲ့တယ် ဆိုတာကို လက်ခံကြောင်း လည်း ပါရှိ ပါတယ်။

အစိုးရရဲ့ ဒီလို ကိုင်တွယ်ပုံဟာ ၂၀၁၅ ရွေးကောက်ပွဲ နောက်ပိုင်း တိုင်းပြည်ကို ရွေးကောက် ခံရသူတွေနဲ့ တပ်မတော် ပူးတွဲ အုပ်ချုပ်နေတဲ့ သဘောကို ပြနေတယ်လို့ ဦးစည်သူ အောင်မြင့်က သုံးသပ်ပါတယ်။

အစိုးရနဲ့ တပ်မတော် နှစ်ဖက် ပြေလည်မှ ရှေ့ဆက် နိုင်မှာ ဖြစ်ပြီး တိုင်းပြည်တိုးတက်ရေး ဆောင်ရွက် နိုင်မှာကြောင့် တပ်မတော်နဲ့ အစိုးရ သဘောထား မကွဲချင်ဘူး ဆိုတာ ပြသတာပဲ လို့လည်း သူက မြင်ပါတယ်။

ဒါ့အပြင် ဦးစည်သူ အောင်မြင့်က ၂၀၁၅ ရွေးကောက်ပွဲ ပြီးကတည်းက ဒေါ်အောင်ဆန်း စုကြည် အပါအဝင် ခေါင်းဆောင် အတော် များများက တပ်မတော်နဲ့ ဆက်ဆံရေး ပြေလည်စေဖို့ ထိန်းသိမ်းနေရတာတွေ ရှိတယ်လို့ လည်းပြောပါတယ်။

ဦးဖြိုးမင်းသိန်းက ဒီရာထူးနဲ့ မသင့်တော်ဘူးလို့ ယူဆရင် ဖွဲ့စည်းပုံဥပဒေအရ ဖြုတ်ချနိုင်တယ်၊ တပ်မတော်ပိုင် သတင်းစာတွေမှာ တုံ့ပြန် ရေးသားနိုင်တယ်လို့လည်း သူက ဆိုပါတယ်။

တပ်မတော်ဖက်က ထုတ်ပြန်ပုံတွေကို ကြည့်ရတာ ဦးဖြိုးမင်းသိန်းကို ရာထူးကနေ ဖယ်ရှားတဲ့အထိ အရေးယူစေချင်ပုံ ရတယ်လို့ ဦးစည်သူ အောင်မြင့်က သုံးသပ်ပေမဲ့ အစိုးရဘက်က ဘယ်လို ဆောင်ရွက်မယ် ဆိုတာကိုတော့ မသိရသေးပါဘူး။