ကုလကိုယ်စားလှယ် မစ္စယန်ဟီးလီက လူ့အခွင့်အရေးကော်မရှင်နဲ့တွေ့

  • 14 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် MNHRC Facebook
Image caption ကော်မရှင်ကလည်း ပြည်တွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှု ကာကွယ်ရေးနဲ့ ပညာရေးလုပ်ငန်းတွေ လုပ်ဆောင်မှု ရှိကြောင်း မစ္စယန်ဟီးလီကို ပြန်လည် တင်ပြခဲ့

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ဇူလိုင်လ ၁၄ ရက်နေ့မှာ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ ကိစ္စတွေကို ကော်မရှင်ဘက်က ကိုယ်တွယ်ပုံနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တယ်လို့ ဒီကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ဘီဘီစီကို ပြောပါတယ်။

ရခိုင်ပြည်နယ်က အရေးကိစ္စတွေနဲ့ စာနယ်ဇင်းသမားတွေ ဖမ်းဆီး အရေးယူခံရတဲ့အရေးနဲ့ ပတ်သက်ပြီးတော့လည်း ကော်မရှင်က ဘယ်လောက် ကျယ်ကျယ်ပြန်ပြန့် ကိုင်တွယ်နိုင်သလဲ ဆိုတာကိုလည်း မစ္စယန်ဟီးလီက မေးမြန်းခဲ့ပါတယ်။

အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဘက်ကတော့ လူအင်အားနည်းတဲ့အတွက် လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်တယ်ဆိုတဲ့ နေရာတိုင်းကိုတော့ မသွားရောက်နိုင်ပေမယ့် အကြံပြု သဘောထားထုတ်ပြန်ချက်ထုတ်ခဲ့တာတွေ ရှိကြောင်း ကော်မရှင်ဘက်က တုံ့ပြန်ခဲ့တယ်လို့ ဦးယုလွင်အောင်က ပြောပါတယ်။

ကုလသမဂ္ဂကစေလွှတ်မယ့် ရခိုင်အရေးဆိုင်ရာ အချက်အလက်ရှာဖွေရေးကော်မရှင်အဖွဲ့ကို လက်ခံဖို့အတွက်လည်း မစ္စယန်ဟီးလီက ပြောဆိုခဲ့ပေမယ့် ဒါဟာ အစိုးရက ဆုံးဖြတ်ရမယ့် မူဝါဒသာ ဖြစ်တယ်လို့ ကော်မရှင်ဘက်က ပြန်လည် ပြောဆိုခဲ့ပါတယ်။

ကော်မရှင်ကလည်း ပြည်တွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှု ကာကွယ်ရေးနဲ့ ပညာရေးလုပ်ငန်းတွေ လုပ်ဆောင်မှု ရှိကြောင်း မစ္စယန်ဟီးလီကို ပြန်လည် တင်ပြခဲ့ပါတယ်။

ဇူလိုင်လ ၁၄ ရက်နေ့ ညနေပိုင်းမှာတော့ မစ္စ ယန်ဟီးလီဟာ မတရားအသင်းဆက်သွယ်မှုနဲ့ လားရှိုးအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ နှစ်ခြင်း ခရစ်ယာန် ဓမ္မဆရာ နှစ်ဦးကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ဒီခရီးစဉ်ဟာ မစ္စ ယန်ဟီးလီအတွက် ၆ ကြိမ်မြောက် မြန်မာနိုင်ငံ ခရီးစဉ်ဖြစ်ပြီး ဇူလိုင်လ ၂၁ ရက်နေ့မှာ ကုန်ဆုံးမယ့် သူ့ရဲ့ ၁၀ ရက်ကြာ ခရီးစဉ်အတွင်းမှာ ရခိုင်၊ ရှမ်း၊ ကရင်ပြည်နယ်တွေ အပါအဝင် ရန်ကုန်နဲ့ နေပြည်တော်ကို သွားရောက်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

မစ္စ ယန်ဟီးလီဟာ ဒီနှစ် အောက်တိုဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစီအရင်ခံစာ တင်ဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ