မန္တလေးက လယ်သမားသပိတ်စခန်းကို တိုင်းအစိုးရအဖွဲ့သွားရောက်

  • 15 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ဖမ်းဆီး ဝရမ်းထုတ်ခံရ၊ တရားစွဲခံရတဲ့ တောင်သူတွေကို အမှုမပိတ် မပေးမချင်း၊ မြေယာစိစစ်ရေး ကော်မတီမှာ လယ်သမား ကိုယ်စားလှယ်တွေ မပါမချင်း သပိတ်စခန်း ဆက်ဖွင့်သွားမယ်လို့ ပြောဆိုခဲ့ကြ

မန္တလေးမြို့မှာ သပိတ်စခန်းဖွင့်ပြီး သိမ်းဆည်းခံ လယ်မြေတွေ ပြန်ရဖို့နဲ့ လယ်သမားတွေ ဖမ်းဆီး ဝရမ်းထုတ်ခံရတာတွေ ရုပ်သိမ်းပေးဖို့ တောင်းဆိုနေကြတဲ့ မြို့နယ် ၁၂ မြို့နယ် က လယ်သမားကိုယ်စားလှယ်တွေနဲ့ တိုင်းအစိုးရအဖွဲ့တို့ ဇူလိုင်လ ၁၅ ရက်နေ့မှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပါတယ်

အခုလို တွေ့ဆုံရမှာ သိမ်းဆည်းခံ မြေယာစိစစ်ရေးကော်မတီရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းပြီးမှ တရားရုံးတွေက လယ်ပိုင် ကိစ္စတွေကို ဆုံးဖြတ်ဖို့နဲ့ တရားစွဲခံတောင်သူတွေ ကိစ္စကိုလည်း စစ်ဆေးပြီး သတင်းထုတ်ပြန်ပေးဖို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။

အဲဒီ မြေယာစိစစ်ရေး ကော်မတီမှာ မြေသိမ်းခံ လယ်သမားလည်း ပါဝင်ဖို့နဲ့ အခု လာရောက်တွေ့ဆုံတဲ့ အထဲမှာ မပါဝင်တဲ့ တိုင်းဝန်ကြီးချုပ်လည်း နောက်ပိုင်း ဆွေးနွေးမှုတွေမှာ ပါဝင်လာဖို့ကိုတော့ လယ်သမားတွေဘက်က ဆက်လက် တောင်းဆိုထားတယ်လို့ ဒီတွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ လယ်သမား ကိုယ်စားလှယ် ကိုအောင်သူက ဘီဘီစီကို ပြောပါတယ်။

ဒီသပိတ်စခန်းက လယ်သမားကိုယ်စားလှယ်တွေနဲ့ တိုင်းအစိုးရအဖွဲ့ဝင်တွေဟာ မန္တလေးတိုင်း အစိုးရရုံးမှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာ ဖြစ်ပြီး မန္တလေးတိုင်းဝန်ကြီးချုပ် ဦးဆောင်တဲ့ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဖွဲ့ရေးအတွက်လည်း မူအားဖြင့် သဘောတူခဲ့တယ်လို့ သိရပါတယ်။

သပိတ်စခန်းဖွင့်ရာမှာ ပါဝင်တဲ့ မြစ်သားမြို့နယ်က တောင်သူတဦးကတော့ မန္တလေးတိုင်းဝန်ကြီးချုပ်ကိုယ်တိုင် ဆွေးနွေးမယ်ဆိုပြီးမှ မပါဝင်ခဲ့ပဲ တခြား တိုင်းအစိုးရအဖွဲ့ဝင်တွေနဲ့ ဆွေးနွေးရာမှာလည်း ကူညီမယ်လို့ပဲ အလွတ်သဘော ပြောခဲ့တဲ့အတွက် အားရမှုမရှိပဲ အမှန်တကယ် ဖြေရှင်းပြီးမှာသာ သပိတ်စခန်းကို ဖယ်ပေးမယ်လို့ ပြောပါတယ်။

အခုလို မန္တလေးမြို့မှာ ဇူလိုင်လ ၆ ရက်နေ့ကတည်း သပိတ်စခန်းဖွင့်ထားတဲ့ တောင်သူတွေဟာ ပြင်ဦးလွင်၊ ပုသိမ်ကြီး၊ စဉ့်ကူး၊ မြင်းခြံ၊ နွားထိုးကြီးနဲ့ မြစ်သား အစရှိတဲ့ မြို့နယ် ၁၂ မြို့နယ်က လာရောက်ကြတာ ဖြစ်ပြီး ဖမ်းဆီး ဝရမ်းထုတ်ခံရ၊ တရားစွဲခံရတဲ့ တောင်သူတွေကို အမှုမပိတ် မပေးမချင်း၊ မြေယာစိစစ်ရေး ကော်မတီမှာ လယ်သမား ကိုယ်စားလှယ်တွေ မပါမချင်း သပိတ်စခန်း ဆက်ဖွင့်သွားမယ်လို့ ပြောဆိုခဲ့ကြပါတယ်။ ။

ဒီသတင်းနဲ့ပတ်သက်သမျှ