မဘသ ဆိုင်းဘုတ် မဖြုတ်တာက တစ်ဖွဲ့ချင်းစီရဲ့ သဘောထားသာဖြစ်

  • 15 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် Mandalay Ma Ba Tha
Image caption မန္တလေး က မဘသ အဖွဲ့တွေကတော့ ဓမ္မရက္ခိတ ဆိုတဲ့ အမည်ကို သုံးစွဲမှာ ဖြစ်သလို မဘသ နာမည် နဲ့လည်း ဆက်လက် ရပ်တည်သွားမယ်

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) အဖွဲ့ရဲ့ ဆိုင်းဘုတ် တွေကို ဇူလိုင်လ ၁၅ ရက်နေ့မှာ နောက်ဆုံးထားပြီး ဖြုတ်သိမ်း ပေးဖို့ နိုင်ငံတော် သံဃ မဟာ နာယက အဖွဲ့ က ကြေညာချက် ထုတ်ပြန် ထား ပါတယ်။

မလိုက်နာလို့ ရှိရင် အာဏာစက် နဲ့ အရေးယူ သွားမယ်လို့လည်း ဇူလိုင် ၁၅ ရက်နေ့ သတင်းစာတွေ ထဲမှာ ထုတ်ပြန် ထားပါတယ်။

ဒါ့အပြင် မဘသ အဖွဲ့ဟာ တရားဝင် ဖွဲ့စည်း ထားတာ မဟုတ်တဲ့ အတွက် သံဃ နာယက အစည်းအဝေး မှာ ဖျက်သိမ်းပေးဖို့ ဆုံးဖြတ်ချက် ချထား ပြီးသား ဖြစ်တယ်လို့ သာသနာရေး ဝန်ကြီးဌာန က ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်း က ပြောပါတယ်။

ကြေညာချက် ထုတ်ထားသလို လိုက်နာ ဆောင်ရွက်ခြင်း မရှိရင် အာဏာစက် နဲ့ အရေးယူသွားမှာ ဖြစ်ပြီး တိုင်းဒေသကြီး အစိုးရ အသီးသီး ကို ညွှန်ကြား ထားပြီး ဖြစ်တယ်လို့ သူက ပြောပါတယ်။

သံဃာ ဆိုရင် ၂၀/၉၀ အရ လည်းကောင်း၊ လူပုဂ္ဂိုလ် ဆိုရင်လည်း တည်ဆဲ ဥပဒေ တွေနဲ့ အရေးယူ သွား မှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ အစိုးရ ရဲ့ ထုတ်ပြန် ကြေညာချက် နဲ့ ပတ်သက်လို့ မျိုးချစ် ရဟန်းတော်များ သမဂ္ဂ အဖွဲ့က ကန့်ကွက် ထားပါတယ်။

မန္တလေးမှာ ဆိုရင်လည်း မဘသ အဖွဲ့ ရဲ့ ဆိုင်းဘုတ် အနားမှာလည်း အဖွဲ့ဝင်တွေက နေ့ည အဆိုင်း ခွဲပြီး စောင့် နေကြ ပါတယ်။

မဟန ဆရာတော် ကြီးတွေ ရဲ့ ဆုံးဖြတ်ချက် ကို လေးစားခြင်း အားဖြင့် မဘသ ဆိုတဲ့ အမည်ကို မသုံးဘဲ ဗုဒ္ဓဓမ္မ ရက္ခိတ ဆိုတဲ့ အမည် ကို သုံးစွဲ သွား မှာ ဖြစ်တယ်လို့ ဦးဆောင် ဆရာတော် တစ်ပါး ဖြစ်တဲ့ ဒေါက်တာ ဦးသောပါက က ဘီဘီစီကို မိန့်ကြားပါတယ်။

တခြား ဒေသ တွေက မဘသ အဖွဲ့ တွေဆီကိုလည်း ဆိုင်းဘုတ် ဖြုတ်ဖို့ ပြောကြား ထားပြီး ဖြစ်ပေမယ့် လိုက်နာ ဆောင်ရွက်ခြင်း ရှိမရှိ ဆိုတာကတော့ တစ်ဖွဲ့ခြင်းစီရဲ့ သဘောထား ဖြစ်တယ်လို့ ဦးဆောင် ဆရာတော်က မိန့်ပါတယ်။

ကရင် ပြည်နယ်၊ ဘားအံ မြို့နဲ့ မန္တလေး က မဘသ အဖွဲ့တွေကတော့ ဓမ္မရက္ခိတ ဆိုတဲ့ အမည်ကို သုံးစွဲမှာ ဖြစ်သလို မဘသ နာမည် နဲ့လည်း ဆက်လက် ရပ်တည်သွားမယ်လို့ ထုတ်ပြန် ထားပါတယ်။

အာဏာစက် နဲ့ အရေးယူမဲ့ ကိစ္စ မှာ ဥပဒေ မူဘောင်နဲ့ ကိုက်ညီမှု ရှိသလား ဆိုတာ အရင်ဆုံး ဆန်းစစ်ရမှာ ဖြစ်တယ်လို့ ဆရာတော် ဦးသောပါက က မိန့်ကြားပါတယ်။

ဒါ့အပြင် တစ်နိုင်ငံလုံး က ဆိုင်းဘုတ် တွေကို ဖြုတ်ပေးမယ်လို့ ဝန်ခံ ထားတာ မဟုတ်ဘဲ၊ ကျန်တဲ့ အဖွဲ့ဝင်တွေကို ပြောပေးမယ်လို့သာ ဝန်ခံထားတာ ဖြစ်ပါတယ်။

ဒီကိစ္စ နဲ့ ပတ်သက်လို သံဃာတွေ အကြားမှာ ကွဲလွဲမှုတွေ ဖြစ်ပေါ် ခြင်း တော့ မရှိဘူးလို့ ဆရာတော် ဦးသောပါက က မိန့်ကြား ခဲ့ပါတယ်။