အစိုးရတပ်က တစ်ဘက်သတ် ဆုံးဖြတ်တယ်လို့ ဝေဖန်မှု ထွက်ပေါ်

  • 16 ဇူလိုင် 2017
Image caption အစိုးရ စစ်တပ်ကသာ တစ်ဘက်သတ် ဆုံးဖြတ်တယ်လို့ ဝေဖန်။

ပဲခူးတိုင်းထဲ ဖွဲ့ထားတဲ့ အပစ်ရပ် ပူးတွဲ စောင့်ကြည့်ရေး ကော် မတီ JMC ထဲ ကနေ တောင်ငူ ခရိုင် အခြေစိုက် ကရင် လက်နက်ကိုင် KNU တပ်မဟာ ၂ အကြီးအကဲ ဗိုလ်မှူးကြီး စောဒဲဖိုး နှုတ်ထွက် သွားပါတယ်။

JMC ပူးတွဲ ဖွဲ့ထားတယ် ဆိုပေမယ့်နှစ်ဘက်တပ် အကြား ပြဿနာ တစုံတရာ ရှိလာပြီ ဆိုရင် JMC အနေနဲ့ ဖြေရှင်းခွင့် မရပဲ အစိုးရ စစ်တပ်ကသာ တစ်ဘက်သတ် ဆုံးဖြတ်တယ် ဆိုပြီး ဗိုလ်မှူးကြီး စောဒဲဖိုးက KNU အထက်ပိုင်းကို ပေးပို့တဲ့ နှုတ်ထွက်စာထဲ ရေးထားပါတယ်။

ဒါ့အပြင် JMC လိုက်နာရမယ့် စံနှုန်းစံထားတွေ တိတိကျကျ ရှင်းရှင်းလင်းလင်း ရှိ မနေဘူး လို့လည်း တပ်မဟာ ၂ အကြီးအကဲက ဝေဖန် ထားပြီး နိုင်ငံတကာ အသိ သက်သေတွေ ပူးတွဲ စောင့်ကြည့်ရေး ကော် မတီထဲ ပါဝင်သင့်တယ် ဆိုတဲ့ သဘောထားမျိုးလည်း ဖော်ပြ ထားပါတယ်။

ဗိုလ်မှူးကြီး စောဒဲဖိုးဟာ တိုင်းဒေသ အဆင့် ဖွဲ့ထားတဲ့ JMC ရဲ့ အတွင်းရေးမှုး နေရာက ကိုယ်တိုင် နှုတ်ထွက်သွားတာ ဖြစ်တဲ့အပြင် အဲဒီ JMC အတွက် သူ တာဝန်ယူရတဲ့ တပ်မဟာ ၂ က ကိုယ်စားလှယ်လည်း စေလွှတ်တော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အခြေအနေ တစ်ခုခု ဖြစ်ပေါ် လာရင် အဆုံးအဖြတ် ပေးနိုင်တဲ့သူမျိုး JMC ထဲ ပါဝင်ဖို့ လိုတယ် ဆိုပြီး ပြည်ထောင်စု အဆင့် JMC ရဲ့ ဒုဥက္ကဌ တာဝန် ယူထားတဲ့ KNU ကိုယ်စားလှယ် ကေအန်ယူ ဗိုလ်ချုပ် စောအိုက်ဇက်ဖိုးက ဘီဘီစီကို ပြောပါတယ်။

တိုင်းနဲ့ပြည်နယ် အဆင့် အပစ်ရပ် ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ တွေကို တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် NCA ထဲ ပါဝင် လက်မှတ် ရေးထိုးထားတဲ့ လက်နက်ကိုင် အဖွဲ့တွေ ရှိရာ နေရာတွေမှာ ဖွဲ့ထားတာ ဖြစ်ပါတယ်။

KNU နဲ့ အစိုးရအကြား တဖွဲ့ချင်းအလိုက် အပစ်ရပ်စဲခဲ့တာ ၆ နှစ်ကျော် ကြာခဲ့ပြီဖြစ်သလို နယ်မြေ သတ်မှတ်မှုတွေ မလုပ်နိုင်သေးပါဘူး။

JMC ရဲ့ ကော်မတီ အဆင့်ဆင့်မှာ အစိုးရ စစ်တပ်ဘက်က ဥက္ကဌ ရာထူး ရယူထားမှု အပေါ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေက ပြင်ပေးဖို့ တောင်းဆိုတာတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့် အဲဒီ ကော်မတီတွေကို အသုံးချပြီး တိုင်းရင်းသားတွေကို ဖိအား ပေးသွားမှာမဟုတ်ဘူးလို့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေးဆိုင်ရာ ပူးတွဲကော်မတီ ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်က လောလော လတ်လတ်မှာပဲ ကတိပေး ထားတယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။