အပစ်ရပ် ကျောင်းသားတပ်မတော် ခေါင်းဆောင်တဦးကို ၁၇ (၁) နဲ့ စွဲချက်တင်

  • 17 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် Ma Noung Facebook
Image caption မိုးမောက်တရားရုံးမှာ ဒီကနေ့ ပြုလုပ်တဲ့ ရုံးုထုတ်စစ်ဆေးမှုကို လာရောက်တဲ့ ဦးမင်းဌေးကို တွေ့ရစဉ်

မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့ ဖမ်းဆီးတရားစွဲဆိုမှု ခံနေရတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ရဲ့ ဗဟိုကော်မတီဝင် ဦးမင်းဌေးကို စွဲချက်တင် တရားစွဲ သင့်ကြောင်း မိုးမောက်မြို့နယ် တရားရုံးက ဒီကနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။

၆ လ ကြာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဦးမင်းဌေးကို ၂၁ ကြိမ်မြောက်အဖြစ် ဒီကနေ့မှာ ရုံးထုတ်ပြီး စွဲချက် တင်သင့်ကြောင်း ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ ABSDF ဟာ အစိုးရနဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးလက်မှတ်ရေးထိုးထားတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။

အန်စီအေ အပစ်ရပ်လက်မှတ်ရေးထိုးမှုမှာ နိုင်ငံတကာ အသိသက်သေတွေအပြင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့အတွက် အခုအမှုကို စွဲချက်မတင်သင့်ဘူးလို့ ယူဆမိပြီး အခုလို စွဲချက်တင်လိုက်တာကို စိတ်မကောင်းဖြစ်မိတယ်လို့ ဦးမင်းဌေးက ဘီဘီစီကို ပြောပါတယ်။

ကျောင်းသားတပ်မတော်ရဲ့ ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးမင်းဌေးဟာ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာလည်း မကြာခဏပါဝင်လေ့ရှိသူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက မိုးမောက်မြို့နယ်ထဲ ခရီးသွားနေတုန်း ဖမ်းဆီးခံခဲ့ရကာ တပ်မတော်က တရားလိုလုပ်ပြီး တရားစွဲခဲ့တာ ဖြစ်ပါတယ်။ ဦးမင်းဌေး ခေါင်းဆောင်အဖြစ် တာဝန်ယူနေတဲ့ ကျောင်းသားတပ်မတော် မြောက်ပိုင်းရဲ့ ဌာနချုပ်ဟာ ကေအိုင်အေ ဌာနချုပ် လိုင်ဇာအနီးမှာ တည်ရှိတာလည်းဖြစ်ပါတယ်။

အန်စီအေ အပစ်ခတ်ရပ်စဲရေးအဖွဲ့တွေထဲမှာ ပါဝင်တဲ့ ကျောင်းသားတပ်မတော်ရဲ့ ဗဟိုကော်မတီဝင်ဖြစ်သူ ဦးမင်းဌေးဖမ်းဆီးခံရမှုအပေါ် ABSDF ခေါင်းဆောင်တွေက အစိုးရနဲ့ တပ်မတော် ထိပ်တန်းတာဝန်ရှိသူတွေထံတင်ပြထားတယ်လို့ ဆိုပါတယ်။

အန်စီအေ လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေကို မတရားအသင်းအဖြစ်မှ ပယ်ဖျက်ခဲ့ပြီးဖြစ်ပါတယ်။

ဦးမင်းဌေးဟာ မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ ရမ်ဘိုရုပ်ရှင် ဇာတ်ကားမှာ အစိုးရတပ်မတော်ရဲ့ တပ်ရင်းမှူးအဖြစ်လည်း ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ ရမ်ဘိုဇာတ်ကားထဲက သူ့ရဲ့့ သရုပ်ဆောင်ချက်တွေမှာ လူ့အခွင့်ရေးချိုးဖောက်မှုတွေ ပါဝင်ခဲ့တဲ့အတွက် တပ်မတော်ကို အသရေဖျက်ရာရောက်တယ်လို့ ရုံးထုတ်စစ်ဆေးစဉ်မှာ တရားလိုဖြစ်တဲ့ စစ်တပ်ဘက်က ပြောဆိုတာတွေ ရှိခဲ့တယ်

အန်စီအေ အပစ်ခတ်ရပ်စဲရေး ပြုလုပ်တာ ၂ နှစ်နီးပါး ကြာမြင့်လာခဲ့ပြီဖြစ်ပေမဲ့ အပစ်ရပ် စာချုပ်ပါ အချက်အလက်တွေနဲ့ ပတ်သက်လို့ တပ်မတော်ဘက်က အဓိပ္ပာယ်ဖွင့်ဆိုမှုတွေ အမျိုးမျိုးလုပ်နေတယ်ဆိုပြီး တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က ဝေဖန်မှုတွေ ရှိနေပါတယ်။

မြောက်ပိုင်းမဟာမိတ်ဆိုတဲ့ အဖွဲ့ပေါ်ပေါက်လာပြီးနောက်မှာ ကေအိုင်အိုပါဝင်နေတဲ့ အဲဒီမဟာမိတ်အဖွဲ့နဲ့ ဆက်ဆံနေသူတွေကို ဖမ်းဆီးမှုတွေ လုပ်လာခဲ့တယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

အမျိုးသားရင်ကြားစေ့ရေး ဆောင်ရွက်နေချိန်မှာ အခုလို မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မနဲ့ ဖမ်းဆီးမှုတွေ ရှိနေတာဟာ ငြိမ်းချမ်းရေးကို နှောင့်နှေးစေတယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။