အဖြေမထွက်သေးလို့ သပိတ်စခန်း ဆက်ဖွင့်မယ်

  • 17 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption မန္တလေးသပိတ် စခန်းမှ ဆန္ဒပြတောင်သူများ

မန္တလေးမြို့ပေါ်မှာ ၁၂ရက်မြောက် သပိတ်စခန်းဖွင့်ထားတဲ့ လယ်သိမ်းခံ တောင်သူတွေဟာ မန္တလေးတိုင်း အစိုးရအဖွဲ့နဲ့ တွေ့ခွင့်ဆွေးနွေးခွင့် ရပေမယ့် အဓိကဖြစ်တဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ်မပါတဲ့အတွက် ထပ်မံတောင်းဆိုတာမှာ ခုလို အဆွေးနွေးခွင့် ရသွားတာဖြစ်ပါတယ်။

တောင်သူဘက်က မြို့နယ် ၁၀မြို့နယ်က တောင်သူ ၁၀ယောက်နဲ့ မန္တလေးတိုင်း အစိုးရအဖွဲ့ဝန်ကြီးတွေ အစုံအညီနဲ့ ဇူလိုင်၁၇ရက်နေ့က တိုင်းအစိုးရရုံးမှာ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

တောင်သူတွေ တောင်းဆိုတဲ့ တရားစွဲခံ ရသူတွေရဲ့ အမှုပိတ်ပေးဖို့နဲ့ သိမ်းဆည်းခံလယ်ယာမြေ ပြန်လည်စိစစ်ရေး ကော်မတီမှာ တောင်သူတွေပါဝင်ခွင့် တောင်းဆိုထားတာနဲ့ ပတ်သက်ပြီး မန္တလေးတိုင်း စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းက ကိုယ်စားလှယ် တဉီးထည့်ပေးရေး စဉ်းစားလို့ရပေမယ့် အမှုရုတ်သိမ်းရေးအတွက် တရားရေး မဏ္ဍိုင်ကို လွှမ်းမိုးလို့ မရကြောင်း သပိတ်စခန်းလည်း လောလောဆယ် တောင်သူတွေအသံ နားထောင်တဲ့အနေနဲ့ ဥပဒေကိုဖြေလျှော့ ထားကြောင်း မီဒီယာတွေကို ရှင်းလင်း ပြောကြားပါတယ်။

အစိုးရအနေနဲ့ သိမ်းဆည်းခံ လယ်ယာမြေ စီစစ်ရေး ကော်မတီသေချာဖွဲ့ပြီး ၈၈နောက်ပိုင်းသိမ်းတဲ့ လယ်ယာမြေကိစ္စတွေကို တာဝန်ယူဖြေရှင်းပေးမယ့်အကြောင်းနဲ့ စီစစ်နေတဲ့မူဝါဒတွေကို တောင်သူတွေ သဘောပေါက်အောင် ရှင်းပြနိုင်ခဲ့တယ်လို့ ဒေါက်တာစိုးသန်းက ဆိုပါတယ်။

ဒါပေမယ့် တောင်သူတွေဘက်ကတော့ ခုညှိနိုင်းမှုဟာ အဆင်ပြေသယောင် ရှိပေမယ့် တောင်းဆိုတာတွေမရသေးလို့ဆိုပြီး သပိတ်စခန်းကို ဥပဒေနဲ့အညီ ဆက်လုပ်မယ့်အကြောင်း မြစ်သားမြို့နယ်က လယ်သိမ်းခံတောင်သူ ဒေါ်ခင်ညိုကပြောပါတယ်။

ဆန္ဒပြ တောင်သူတွေတောင်းဆိုတဲ့ တိုင်းအဆင့် လယ်ယာမြေပြန်လည် စီစစ်ရေးကော်မတီမှာ တောင်သူဘက်က ကိုယ်စားလှယ်ပါဖို့ မူအားဖြင့် သဘောတူခဲ့ပေမယ့် ပါဝင်မယ့်သူဟာ တောင်သူလယ်သမား အစစ်ဖြစ်ရမှာ အပြင် လက်ရှိလယ်ယာ လုပ်ကိုင်သူ ဖြစ်ဖို့လိုသလို လယ်ယာမြေ သိမ်းဆည်းခံတောင်သူဖြစ်ရမှာပါ။ နိုင်ငံရေး ပါတီနဲ့ အရပ်ဖက် အဖွဲ့အစည်း တခုခုမှာ အလုပ်မှုဆောင် မဖြစ်ရပဲ ဒေသခံစစ်စစ် ဖြစ်ရမယ်လို့ သတ်မှတ် သဘောတူခဲ့ပါတယ်။ ခု

ညှိနိုင်းမှုမှာ ဖမ်းဆီးခံ တရားစွဲခံရတဲ့ တောင်သူတွေရဲ့အမှု ပိတ်မပေးနိုင်သေးခင် စိစစ်ဆဲကာလမှာ တောင်သူတွေကတော့ သပိတ်စခန်းဆက်ဖွင့်မယ်လို့ဆိုပြီး အစိုးရဘက်ကတော့ ဒီသပိတ်စခန်းကို ဖျက်သိမ်းဖို့ အမိန့်တစုံတရာ ထုတ်ပြန်ဖို့တော့ မဆုံးဖြတ်ရသေးဘူးလို့ မန္တလေးတိုင်း အစိုးရက ပြောပါတယ်။