သွေးလွန်တုပ်ကွေး အတွက်ဘာတွေ ဂရုစိုက်သင့်သလဲ

  • 17 ဇူလိုင် 2017
Image caption သွေးလွန်တုပ်ကွေး ရောဂါဖြစ်နိုင်တဲ့ ခြင်ကျား မပေါက်ပွားအောင် နှိမ်နင်းဖိုလိုအပ်

မြန်မာ နိုင်ငံမှာ အခုလို မိုးရာသီ ရောက်ပြီ ဆိုရင် မိဘတွေက သူတို့ သားသမီး ကလေးငယ်တွေ သွေးလွန်တုပ်ကွေး ဖြစ်မှာကို စိုးရိမ်လေ့ ရှိကြပါတယ်။

အခုနှစ်မှာတော့ သွေးလွန်တုပ်ကွေး ဖြစ်သူ စုစုပေါင်း ၁၀၁၀၁ ယောက် ရှိပြီး သေဆုံးသူ ၅၄ ယောက် ရှိတယ်လို့ ကျန်းမာရေး ဦးစီးဌာန သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး စီမံချက် မန်နေဂျာ ဒေါက်တာ ဇော်လင်းက ပြောပါတယ်။

သွေးလွန်တုပ်ကွေးရာသီမှာ ကလေးငယ် ရှိတဲ့မိဘတွေ အနေနဲ့ ကလေး ဘာကြောင့် ဖျားဖျား သွေးလွန် တုပ်ကွေးများ ဖြစ်နေမလားလို့ သတိထားစိတ် ရှိဖို့နဲ့ ကလေး စတင် ဖျားတဲ့ရက်နဲ့ အချိန်ကို အသေအချာ မှတ်ထားဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။

ကလေးငယ်က သွေးလွန်တုပ်ကွေး ဖြစ်တယ်ဆိုရင် စတင်ဖျားနာတဲ့ အချိန်ကနေ ၄၈ နာရီ ကျော်သွားရင် အန္တရာယ်ရှိလာပြီလို့ ဒေါက်တာ ဇော်လင်းက ပြောပါတယ်။

ဒါကြောင့် ကလေး ဖျားပြီဆိုရင် အိမ်မှာတင် စောင့်ကြည့် တာထက် ဆေးရုံ၊ ဆေးခန်းကို သွားပြ သင့်တယ်လို့ သူကဆိုပါတယ်။

မိဘတွေ သတိထားရမယ့် စိုးရိမ်စရာ အချက်တွေကတော့

ကလေးတွေရဲ့ သဘာဝက ဖျားနေရင်လည်း ဆော့ကစားတတ်တဲ့ အတွက် တကယ်လို့ အျဖားဝင်ပြီး ကလေးက ငိုင်နေရင်၊ ဒါမှ မဟုတ် ကိုယ်ပူ ကျသွား ပေမဲ့ ကလေးက မကစားဘဲ ငြိမ်နေမယ် ဆိုရင် စိုးရိမ်စရာလို့ ဒေါက်တာ ဇော်လင်းက ပြောပါတယ်။

နောက်တစ်ချက်က ကလေးက ဗိုက်နာတယ် ပြောပြီး တကယ်တန်း မခံ မရပ်နိုင်အောင် နာနေမယ်၊ ဒါမှ မဟုတ် အန်တဲ့အခါ ကော်ဖီမှုန့် အနှစ် အရောင်မျိုး ဖြစ်နေမယ် ဆိုရင်လည်း စိုးရိမ် ရတဲ့ လက္ခဏာလို့ သူက ပြောပါတယ်။

ဒါကြောင့် ဒီလို လက္ခဏာတွေ တွေ့ရင် ဆေးရုံကို အမြန်ဆုံး ခေါ်သွားပြီး ပြသ ဆေးကုသမှု ခံယူ သင့်တယ်လို့ ဒေါက်တာ ဇော်လင်းက ပြောပါတယ်။

သွေးလွန် တုပ်ကွေးရောဂါဟာ ခြင်ကျား ကိုက်လို့ ဖြစ်တဲ့ အတွက် ကြိုတင်ကာကွယ်ရေးမှာ လူထုတစ်ရပ်လုံး ပါဝင်ဖို့ လိုတယ်၊ ခြင်ကျား ပေါက်ပွားမှု မရှိအောင်၊ ပိုးလောက်လန်းတွေ သေဆုံးအောင် ကျန်းမာရေး ဦးစီးဌာနက ဆေးဖြန်း ဆေးခတ်တာတွေ ဆောင်ရွက် ပေးနေတယ်လို့ ဆိုပါတယ်။

ကိုယ့်အိမ် ပတ်ဝန်းကျင်မှာ အမှိုက်သရိုက်တွေ ရှိရင် အဲဒီ အမှိုက်တွေမှာ ခြင်တွေ ပေါက်ပွားပြီး သွေးလွန် တုပ်ကွေး ကူးစက်မှုတွေ အလွယ်တကူဖြစ်တိုင်တဲ့ အတွက် ပတ်ဝန်းကျင် သန့်ရှင်းအောင်လုပ်ဖို့ လည်း အရေးကြီးတယ်လို့ ဒေါက်တာ ဇော်လင်းက ပြောပါတယ်။