မဘသ ဆိုင်းဘုတ် ဖြုတ်ဖို့ ပျက်ကွက်ရင် ဒေသန္တရ အစိုးရ ကိုင်တွယ်မယ်

  • 17 ဇူလိုင် 2017
Image caption အာဏာစက်နဲ့ အရေးယူလာရင် အတတ်နိုင်ဆုံး ကာကွယ်သွားမယ်

နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့ရဲ့ ဆုံးဖြတ်ချက် ညွှန်ကြားလွှာတွေကို လိုက်နာဖို့ ပျက်ကွက်ရင် သက်ဆိုင်ရာ ဒေသန္တရ အစိုးရ အဖွဲ့တွေကနေ အရေးယူ ဆောင်ရွက် လာနိုင်ဖွယ် ရှိတယ် ဆိုပြီး သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် တဦးက ဘီဘီစီကို ပြောပါတယ်။

မဘသ ဆိုပြီး အသိများတဲ့ အဖွဲ့ကို ဖျက်သိမ်းဖို့နဲ့ ဆိုင်းဘုတ်တွေကို အခုလ (ဇူလိုင်လ) ၁၅ ရက် နောက်ဆုံးထား ဖြုတ်ချဖို့ အစိုးရက သတိပေးခဲ့တဲ့ နောက်ပိုင်း အဲဒီ သတိပေးမှုကို ဆန့်ကျင်တဲ့ အပြုအမူတွေ မန္တလေးတိုင်းနဲ့ ကရင်ပြည်နယ်တို့မှာ ပြုလုပ်လာပါတယ်။

သံဃ မဟာနာယက အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို သံဃာဖြစ်ရင် ၂ဝ/၉၀ နဲ့ အရေးယူမှာ ဖြစ်ပြီး လူပုဂ္ဂိုလ် ဖြစ်ရင် တည်ဆဲ ဥပဒေနဲ့ အရေးယူမယ် ဆိုတာကို အစိုးရဘက်က အသိပေးထားပြီး ဖြစ်တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ဆိုပါတယ်။

မန္တလေးက အမျိုးသားရေး ပြင်းထန်သူလို့ အသိများတဲ့ ဦးဝီရသူက မဘသ ဆိုင်းဘုတ်ကို ဖြုတ်မှာ မဟုတ်ဘူး ဆိုတာ အပြင် အစိုးရ အဖွဲ့အပေါ် ပြင်းပြင်းထန်ထန် ဝေဖန် ထားတဲ့ ဗီဒီယိုဖိုင် လူမှုကွန်ရက်ပေါ် ရောက်လာ ခဲ့ပေမယ့်လည်း သာသနာရေး ဌာနကတော့ အဲဒီ ကိစ္စ သူတို့ မသိရသေးဘူးလို့ ဆိုပါတယ်။

မိတ္ထီလာနဲ့ ဘားအံမြို့တွေမှာ မဘသ ဆရာတော်တွေဟာ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး ဗုဒဓမ္မ ပရဟိတ ဖောင်ဒေးရှင်း အမည်နဲ့ ဆိုင်းဘုတ် အသစ်တင် လာတာ တွေ့ရတယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ဒီအပြုအမူဟာ အကြမ်းဖက်တဲ့ အပြုအမူ မဟုတ်တဲ့အပြင် ကိုယ့်ဘာသာ သာသနာကို စောင့်ရှောက်တာ ဖြစ်တာကြောင့် အာဏာစက်နဲ့ အရေးယူလာရင်လည်း အတတ်နိုင်ဆုံး ကာကွယ် သွားမယ်လို့ ဆိုင်းဘုတ်အသစ် တင်ခဲ့တဲ့ မိတ္ထီလာက မဘသ ဆရာတော် တစ်ပါးဖြစ်တဲ့ တောင်သာလေး ဆရာတော် ဦးအဂ္ဂဓဇ က ဘီဘီစီကို မိန့်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ