ပြည်ထောင်စု သဘောတူမှုတွေဟာ အားလုံးကို လွှမ်းခြုံနိုင်မှု မရှိ ဆိုပြီး ဝေဖန်

  • 17 ဇူလိုင် 2017
Image caption JMC ပူးတွဲကော်မတီ ရဲ့ အခန်းကဏ္ဍ အရေးပါမှု အားနည်းနေတယ်လို့ RCSS ဝေဖန်

တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် NCA ထဲမှာ ပါတဲ့ နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင်ဟာ ပြန်လည် သုံးသပ်ပြီး ပြုပြင်စရာ လိုအပ်တယ် ဆိုပြီး အပစ်ရပ် အဖွဲ့ တစ်ခု ဖြစ်တဲ့ ရှမ်းပြည် ပြည်လည် ထူထောင်ရေး ကောင်စီ RCSS/SSA က ပြောပါတယ်။

ဒါ့အပြင် လူမျိုး၊ ဒေသနဲ့ အကြောင်းအရာ အလိုက် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ တွေ လုံလောက်အောင် မကျင်းပပဲ ပြုလုပ်ခဲ့တဲ့ ၂၁ ရာစု ပင်လုံ ညီလာခံ ကနေ ရရှိခဲ့တဲ့ ပြည်ထောင်စု သဘောတူမှု ဆိုတာတွေကလည်း အားလုံးကို လွှမ်းခြုံ နိုင်ခြင်း မရှိဘူး ဆိုပြီးတော့လည်း RCSS /SSA က ဝေဖန်ပါတယ်။

နိုင်ငံရေး ဆွေးနွေး ကြတဲ့ နေရာမှာလည်း အစုအဖွဲ့တွေ အများကြီး ထားပြီး ဆွေးနွေးကြမှာထက် စာရင် အစိုးရ၊ နိုင်ငံရေးပါတီနဲ့ တိုင်းရင်းသား လက်နက်ကိုင် ဆိုတဲ့ ၃ ပွင့်ဆိုင် ဆွေးနွေးတာမျိုးကို လိုလားတယ်လို့ RCSS/SSA ရဲ့ ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး စိုင်းငင်းက ဘီဘီစီကို ပြောပါတယ်။

အစိုးရစစ်တပ် အနေနဲ့ နယ်မြေ သွားလာ လှုပ် ရှားရာမှာ မူလ သဘောတူ ထားသလို ဆက်ဆံရေး ရုံးတွေက တဆင့် ကြိုတင် အသိပေးတာမျိုး အားနည်းတဲ့ အတွက် ထိတွေ့ ပစ်ခတ်မှုတွေ ပေါ်ပေါက် ခဲ့ရတယ်လို့လည်း ဒု ဗိုလ်မှူးကြီး စိုင်းငင်းက ဆိုပါတယ်။

အပစ်ရပ် စောင့်ကြည့်ရေး ပူးတွဲ ကော်မတီ JMC ကို ပြည်နယ် အဆင့် ဖွဲ့ထား ပြီး ဖြစ်ပေမယ့် အဲဒီ ပူးတွဲ ကော်မတီ ရဲ့ အခန်းကဏ္ဍ အရေးပါမှု အားနည်း နေတဲ့ အတွက်လည်း တိုက်ပွဲတွေ ဆက်လက် ရှိ နေခဲ့တာ ဖြစ်တယ်လို့ ဒု ဗိုလ်မှူးကြီး စိုင်းငင်းက သုံးသပ် ထားပါတယ်။