ရခိုင်အရေးဟာ အကြီးမားဆုံး စိန်ခေါ်မှု

  • 18 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် EPA
Image caption အမျိုးသား လုံခြုံရေးအကြံပေး ဉီးသောင်းထွန်း

မြန်မာနိုင်ငံ ဒီမိုကရေစီ ကူးပြောင်းရာမှာ ရခိုင်အရေး ရင်ဆိုင်ဖြေရှင်းရတာ အကြီးမားဆုံး စိန်ခေါ်မှုဖြစ်တယ်လို့ ပြည်ထောင်စု အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်ဉီးသောင်းထွန်းက သံတမန်တွေနဲ့ သတင်းစာ ဆရာတွေကို ပြောကြား လိုက်ပါတယ်။

ရန်ကုန်မြို့မှာ ပြုလုပ်တဲ့သတင်းစာ ရှင်းလင်းပွဲမှာ ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီကဖွဲ့လိုက်တဲ့ ရခိုင်အရေး အချက်အလက်စုံစမ်းတဲ့မ စ်ရှင်ကိုလက်မခံနိုင်ကြောင်းနဲ့ ဒေါက်တာ ကိုဖီအာနန်ကော်မရှင်ရဲ့ ကြံပြုချက်တွေကို အကောင်အထည်ဖေါ်ရာမှာ တိုးတက်မှု ရှိကြောင်း အဓိကပြောကြားသွားပါတယ်။

ရခိုင်ပြည် မြောက်ပိုင်းစစ်ဆင်ရေး ကာလမှာ စစ်တပ်က လူ့အခွင့်အရေးချိုးဖေါက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ်အခြေခံ စုံစမ်းမှာဖြစ်လို့ အပြုသဘော မဆန်တဲ့အတွက် ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီရဲ့ စုံစမ်းရေး မစ်ရှင်ကို အစိုးရက လက်မခံတာ ဖြစ်ကြောင်းပြောကြားသွားပါတယ်။

ရခိုင်ပြဿနာဟာ ဆင်းရဲမှု ဖွံ့ဖြိုးမှုနိမ့်ကျပြီး လူ့အသိုင်း အဝိုင်းနှစ်ခုကြားဖြစ်တဲ့ ပဋိပက္ခ စတဲ့ခက်ခဲ ရှုတ်ထွေးမှုတွေကို အသိအမှတ်ပြုဖို့လိုပြီး ဒီလိုစုံစမ်း စစ်ဆေးမှုဟာ အခြေအနေကို ဖြေရှင်းရာမရောက်ပဲ ပိုရှုတ်ထွေးသွားနိုင်တယ်လို့ ဉီးသောင်းထွန်းကပြောပါတယ်။

ဒေသတွင်း သွားရောက်လေ့လာခဲ့တဲ့ ဘီဘီစီ သတင်းထောက်ကတော့ စစ်ဆင်ရေး ကာလအတွင်း ပျောက်ဆုံးမှုတွေ သေဆုံးမှုတွေ ရှိနိုင်ပေမယ့် လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်တဲ့ အထောက်အထားတွေ မမြင်ခဲ့ မကြားခဲ့ရဘူးလို့ ဆိုပါတယ်။

လက်ရှိအစိုးရက ပြည်ပက ဝင်ရောက်စုံစမ်းမှာကို မလိုလားဘူးလို့ဆိုပါတယ်။ ဒါပေမယ့် အစိုးရရဲ့သတင်း ထုတ်ပြန်ချက်တွေဟာ အပြည့်အဝ မှန်ကန်တာ မတွေ့ရဘူးလို့ ဒေသတွင်း တွေ့ရှိချက်တွေကို အခြေခံပြီး ဘီဘီစီ သတင်းထောက် ကပြောပါတယ်။

အမုန်းတရားကို အခြေခံတဲ့အမြင်မျိုးနဲ့ ဆက်ဖြေရှင်းနေရင်လည်း ရခိုင်ပြဿ နာပြေလည်နိုင်မှာ မဟုတ်ဘူးလို့ ဘီဘီစီ သတင်းထောက်ကသုံးသပ်သွားပါတယ်။