စာရေးဆရာ မောင်စူးစမ်း ကွယ်လွန်

  • 18 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် MOI
Image caption စစ်အစိုးရ လက်ထက်က ဖမ်းဆီး ခံခဲ့ရပြီး ရှေ့နေ လိုင်စင် ရုပ်သိမ်း ခံခဲ့ရ

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ စတင် ထူထောင် ခဲ့စဉ်က ပါဝင်ခဲ့တဲ့ ရဲဘော် ချမ်းအေးခေါ် စာရေးဆရာ မောင်စူးစမ်း အသက် ၉၁ နှစ် ဟာ ဇူလိုင်လ ၁၈ ရက်နေ့က ရန်ကုန်မြို့မှာ ကွယ်လွန် သွားခဲ့ပါတယ်။

စာပေလောကနဲ့ နိုင်ငံရေး လောကမှာ အတူ လက်တွဲ လုပ်ကိုင်ခဲ့တဲ့ စာရေးဆရာ မောင်မိုးသူက ၁၉၈၈ ခုနှစ် လူထု အုံကြွမှု ကာလ အတွင်း ရန်ကုန်မှာ ရှိနေခဲ့တဲ့ သူနဲ့ မော်လမြိုင်မှာ ရှိခဲ့တဲ့ ရဲဘော် ချမ်းအေးတို့ ချိတ်ဆက် လှုပ်ရှား ခဲ့ကြတယ်လို့ ပြောပါတယ်။

ဦးမိုးသူက သူ ဓန မဂ္ဂဇင်းမှာ အယ်ဒီတာ အဖြစ် လုပ်ခဲ့စဉ် ရဲဘော် ချမ်းအေးက မောင်စူးစမ်း ဆိုတဲ့ ကလောင်နာမည်နဲ့ စီးပွားရေး ဆောင်းပါးတွေ ရေးခဲ့တယ်လို့ ပြောပါတယ်။

မောင်စူးစမ်းရဲ့ စီးပွားရေး ဆောင်းပါးတွေဟာ သြဇာ ကြီးမားခဲ့တယ်လို့ အများက အသိအမှတ်ပြုတာလည်း ခံခဲ့ရပါတယ်။

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ကို ဒေါ်အောင်ဆန်း စုကြည်က ဦးတင်ဦး၊ ဦးအောင်ကြီးတို့နဲ့ အတူ စတင် ထူထောင် ခဲ့စဉ်က စာရေးဆရာ မောင်သော်က သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်နဲ့ သူ့ကိုပါ ပါဝင်ဖို့ ခေါ်ခဲ့ရာမှာ မောင်စူးစမ်း အပါအဝင် တဖွဲ့လုံး ပါဝင် ခဲ့တယ်လို့ ဦးမိုးသူက ပြောပါတယ်။

NLD ပါတီရဲ့ တတ်သိပညာရှင်များ အဖွဲ့မှာ ပါဝင်သူ ဆရာမောင်စူးစမ်းက လိုက်လျောတတ်တဲ့ အလျှော့ ပေးတဲ့ဖက်ကို လိုလားပြီး ဆရာမောင်ကိုယု ကတော့ တင်းမာတဲ့ သဘောထား ရှိတဲ့ အတွက် သူတို့ကြားထဲမှာ မတင်းလွန်း မလျှော့လွန်း သဘောထား ရှိကြဖို့ ပြောလေ့ရှိတယ်လို့ လည်း သူက ပြောပါတယ်။

ဆရာ မောင်စူးစမ်းဟာ စစ်အစိုးရ လက်ထက်တုန်းက ဆရာဦးမိုးသူနဲ့ အတူ ဖမ်းဆီး ခံခဲ့ရပြီး ရှေ့နေ လိုင်စင် ရုပ်သိမ်း ခံခဲ့ရ ပါတယ်။

ထောင်ကထွက် လာပြီးနောက်မှာတော့ မောင်စူးစမ်းက နိုင်ငံရေး လှုပ်ရှားမှု တွေမှာ သိပ်မပါ တော့ဘဲ စာပဲ ရေးနေ ခဲ့တယ်လို့ ဦးမိုးသူက ပြောပါတယ်။

ဗမာ့ စီးပွားရေး စစ်တမ်း ဆိုပြီးတော့ လူထု သတင်းစာမှာ စာရေးဆရာ မောင်စူးစမ်းက ရေးသား ခဲ့ဖူးသလို ဦးနေဝင်းအစိုးရ လက်ထက် တုန်းကလည်း စီးပွားရေး ပညာရှင် အနေနဲ့ တာဝန် ထမ်းဆောင်ခဲ့ဖူးပါတယ်။