စက်ချို့ယွင်းလို့၊ ဗုံးကွဲလို့ လေယာဉ်ပျက်ကျ ခဲ့တာ မဟုတ်လို့ ဆို

  • 18 ဇူလိုင် 2017
Image caption ဆန်းစစ်မှုတွေကို တရုတ်-မြန်မာ ကျွမ်းကျင်သူ ပညာရှင်တွေ ပူးတွဲ ပြုလုပ်

ပြီးခဲ့တဲ့ ဇွန်လ အစောပိုင်းတုန်းက အစိုးရ လေတပ်က သယ်ယူပို့ဆောင်ရေး လေယာဉ် ပျက်ကျ ခဲ့ရတာဟာ ဆိုးရွားတဲ့ ရာသီဥတု ကြုံတွေ့ ခဲ့ရလို့ ဖြစ်တယ် ဆိုပြီး အစိုးရ စစ်တပ်က ထုတ်ပြန် လာပါတယ်။

Y-8 အမျိုးအစား လေယာဉ် ပျက်ကျခဲ့တဲ့နောက် သီတင်း ၆ ပတ် နီးပါး အချိန်ယူပြီး အခုလို အကြောင်းရင်းကို တရားဝင် ထုတ်ပြန် လာတာ ဖြစ်ပါတယ်။

ပြန်လည် တွေ့ရှိ ခဲ့ရတဲ့ လေယာဉ်ရဲ့ ပျံသန်းမှု အချက်အလက် မှတ်တမ်းတင် ကိရိယာ ဘလက်ဘောက်နဲ့ အသံသွင်း မှတ်တမ်း CVR တို့ကို အခြေခံပြီး ဆန်းစစ်ချက် တွေ အရ လေယာဉ် စက်ချို့ယွင်းတာမျိုး၊ မသမာမှုကြောင့် လေယာဉ်ပေါ် ပေါက်ကွဲတာမျိုး ဖြစ်လို့ လေယာဉ် ပျက်ကျ ခဲ့ရတာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒီလို ဆန်းစစ်မှုတွေကို တရုတ်-မြန်မာ ကျွမ်းကျင်သူ ပညာရှင် တွေ ပူးတွဲ ပြုလုပ် ခဲ့တာပါ။

ဇွန်လ ၇ ရက်က မြိတ် ကနေ ရန်ကုန်ကို ပျံသန်းလာတဲ့ အဲဒီ လေယာဉ်ပေါ် စစ်ဘက် ဝန်ထမ်းတွေ၊ မိသားစုတွေ စုစုပေါင်း ၁၂၂ ယောက် လိုက်ပါ လာခဲ့ကြတာ ဖြစ်ပြီး အားလုံး အသက် ဆုံးရှုံး ခဲ့ရပါတယ်။

Y-8 အမျိုးစား စစ်ဘက် သယ်ယူပို့ဆောင်ရေး လေယာဉ်ဟာ တရုတ်နိုင်ငံက ထုတ်လုပ်တာ ဖြစ်ပြီး မြန်မာ၊ ပါကစ္စတန်နဲ့ သီရိလင်္ကာ နိုင်ငံတွေ အပါအဝင် ပြည်ပကို ရောင်းချ ထားတာ ဖြစ်ပါတယ်။