ဟိုရိုင်ဇွန်က နာမည်ပြောင်းတဲ့ကျောင်း တာဝန်ရှိသူတွေဖမ်း

  • 18 ဇူလိုင် 2017
Image caption ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် ဥပဒေနဲ့ အမှုဖွင့်

အရင် ဟိုရိုင်ဇွန် ပုဂ္ဂလိကကျောင်းကို နာမည်ပြောင်းထားတဲ့ ဘီအက်ဖ်အိုင် ပညာရေး ဝန်ဆောင်မှု ကုမ္ပဏီကို ဦးဆောင်နေတဲ့ MD နဲ့ ဒါရိုက်တာ အဖွဲ့ဝင် ၄ ယောက်ကို အာဏာပိုင်တွေ ဖမ်းဆီး လိုက်ပြီး အင်းစိန်ထောင်မှာ ထိန်းသိမ်းထားပါတယ်။

အဲဒီကုမ္ပဏီကို ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် ဥပဒေနဲ့ ပညာရေးဌာန ကနေ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်၊ မန္တလေး ကျောင်းတွေကို အာဏာပိုင်တွေ တပြိုင်တည်း လိုလို ဝင်ရောက် လာပြီး အခုလို ဖမ်းဆီး ခဲ့တာ ဖြစ်တယ်လို့ အဖမ်းခံရသူတွေ ဘက်က ရှေ့နေ ဒေါ်နန္ဒာမြင့်သိန်းက ဘီဘီစီကို ပြောပါတယ်။

ဟိုရိုင်ဇွန် ကျောင်း နာမည်နဲ့တုန်းက အဲဒီ နိုင်ငံတကာ ပုဂ္ဂလိကကျောင်းဟာ တူရကီမှာ အာဏာသိမ်းမှု ကြံစည်မှုရဲ့ နောက်ကွယ်က အကြမ်းဖက်အဖွဲ့နဲ့ကြား အဆက်အစပ် ရှိတယ် ဆိုပြီး ရန်ကုန် တူရကီသံရုံးက ကြေညာတာမျိုး ပြုလုပ် ခဲ့ပါတယ်။

အဲဒီ နောက်မှာတော့ မြန်မာ လုံခြုံရေး အာဏာပိုင်တွေ ကျောင်းထဲ ဝင်ရောက် ရှာဖွေတာတွေ ပြုလုပ် ခဲ့သလို ကျောင်းကို အပြီးတိုင် ပိတ်ဖို့ ပညာရေး ဝန်ကြီးဌာနကို ညွှန်ကြား ခဲ့ပါတယ်။

ပြည်တွင်းက နိုင်ငံတကာ ပုဂ္ဂလိက ကျောင်း ဆိုတာတွေဟာ ပညာရေးဌာနမှာ မှတ်ပုံမတင်ပဲ ဖွင့်လှစ် နေကြပေမယ့် ဟိုရိုင်ဇွန် ကျောင်း ကိစ္စမှာတော့ အကြမ်းဖက် အဖွဲ့နဲ့ ဆက်စပ်နေတယ် ဆိုတဲ့ တူရကီ အစိုးရရဲ့ ပြောဆို ဖိအား ပေးမှုတွေနဲ့ အခုလို အခြေအနေ မျိုးထိ ရောက်လာတာ ဖြစ်နိုင်တယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ပညာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူကတော့ အဲဒီကျောင်း ကိစ္စနဲ့ ပတ်သက်ပြီး သူ့မှာ အချက်အလက် အလုံလောက် ရမထားလို့ တစုံတရာ မဖြေကြား နိုင်သေးဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ဟိုရိုင်ဇွန် ကျောင်း ဘက်ကတော့ သူတို့အနေနဲ့ အကြမ်းဖက် အဖွဲ့တွေ၊ တရားမဝင် ကွန်ရက်တွေနဲ့ ချိတ်ဆက်ထားတာ မရှိဘူးလို့ စွပ်စွဲ ခံရတဲ့ အချိန် ကတည်းက ထုတ်ပြန် ခဲ့ပါတယ်။

ဒါ့အပြင် ကျောင်းကိုလည်း မူရင်းကုမ္ပဏီ ကနေ ခွဲထွက်ပြီး Bright Future International (BFI Education Services ကုမ္ပဏီ) အမည်နဲ့ ကျောင်းခွဲတွေကို သက်ဆိုင်ရာ မြို့နယ် အမည်တွေ နဲ့ ရန်ကုန် မန္တလေးမှာ ဆက်လက် ဖွင့်လှစ် ထားခဲ့တာ ဖြစ်ပါတယ်။