အပစ်ရပ်ရေး နိုင်ငံတကာကဘာလုပ်ပေးနိုင်မလဲ

  • 19 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် EPA
Image caption အတိုင်ပင်ခံရုံး ဝန်ကြီး ဉီးကျော်တင့်ဆွေ

အပစ်ရပ် လက်မှတ်ရေးထိုးဖို့ ကျန်ရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆက်ဆံမှုရှိတဲ့ ဒါမှမှမဟုတ် သူတို့အပေါ် ဩဇာရှိတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ သူတို့တွေ အန်စီအေ အပစ်ရပ် လက်မှတ်ရေး ထိုးနိုင်ရေးအတွက် အကူညီပေးဖို့အတွက် မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ် လို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဌာန ဒုတိယ ဥက္ကဌ ဦးကျော်တင့်ဆွေက တိုက်တွန်းသွားပါတယ်။

မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် ၂၁ ပင်လုံဟာ အရေးကြီးတဲ့အတွက် ငြိမ်းချမ်းရေး အတွက် အဖြေရှာနိုင်ဖို့ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုဟာ လိုအပ်ချက်တခုလို့ ရခိုင်အရေး ရှင်းလင်း ပြောဆိုမှုမှာ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေက သံတမန်တွေကို ပြောကြားသွားပါတယ်။

အဲဒီလို လက်မှတ် ရေးထိုးနိုင်တယ်ဆိုရင်နှစ် ၇၀ အကြာ ပြည်တွင်းစစ်ဟာ စတင်အဆုံးသတ် သွားမှာဖြစ်တယ်လို့လည်းပြောပါတယ်။

မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အီးယူ အပါဝင် အနောက်နိုင်ငံ အသိုင်းအဝိုင်းတွေက ငွေကြေးက နည်းပညာတွေ တိုက်တွန်းကြတဲ့ နည်းတူ တရုတ်နိုင်ငံ အနေနဲ့လည်း ငွေကြေးပံ့ပိုးတာအပြင် သူ့နယ်မြေ အတွင်းဆွေးနွေးပွဲတွေ ပေးလုပ်တာ ၊ ၂၁ ပင်လုံကို သူနဲ့ နယ်နိမိတ်နားက အဖွဲ့အစည်းတွေ တက်ရောက်နိုင်အောင် တွန်းအား ပေးတာတွေ ဆောင်ရွက်ခဲ့ပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ နိုင်ငံတကာ ဩဇာ ဘယ်လောက်ကြီးနေသလဲ နိုင်ငံတကာက ဦးဆောင် သင့်ပါသလား ဆိုတာ နဲ့ ပတ်သက်လို့ တော့ မူဝါဒရေဒရာ မဟာဗျူဟာ လေ့လာမှုအဖွဲ့ ဒါရိုက်တ ဉီးအောင်သူငြိမ်းက အရှေ့ အနောက်ဝါဒ အားပြိုင်မှုတွေ ဒီကနေ့မှာ မရှိတော့ဘူး၊ ပြည်တွင်းကပဲ ဦးဆောင်သင့်တယ် ၊တိုင်းရင်းသား အခွင့်အရေးကိုလည်း လေးစားသင့်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ နိုင်ငံတကာ ကဏ္ဍအပြင် ပါဝင်ထိုက် ပါဝင်သင့်သူတွေပါဝင်မှု ၊ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍ ၊ နှစ်ဘက် အသိုင်းအဝန်းအကြား ဩဇာကြီးတဲ့ လူပုဂ္ဂိုလ်တွေရဲ့ ပါဝင်မှု အခန်း ကဏ္ဍတွေ ကလည်း လိုအပ်မှုတွေ ရှိနေသလို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ပြန်လည် ဆန်းစစ်မှုကို အစိုးရအနေနဲ့ ပြုလုပ်ဖို့လည်း လိုတယ်လို့ အကဲခတ်တွေက ဆိုကြပါတယ်။