လူထုအင်တိုက် အားတိုက် ပါဝင်တဲ့ အာဇာနည်နေ့

  • 19 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် Shwe Innthar Khin Maung Win
Image caption ဖခင်ဗိုလ်ချုပ်နဲ့ တခြား အာဇာနည် ခေါင်းဆောင်ကြီး တွေကို ဒေါ်အောင်ဆန်းစုကြည် လွမ်းသူ့ပန်းခွေချ ဂါရဝ ပြုခဲ့

အနှစ် ၇၀ မြောက် အာဇာနည်နေ့ အခမ်းအနား တွေကို မြန်မာနိုင်ငံ တဝန်း ကျင်းပခဲ့ကြရာမှာ လူတွေ သောင်းသောင်း ဖြဖြ တက်ရောက် ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်း စုကြည်နဲ့ အာဇာနည် ခေါင်းဆောင်ကြီး တွေရဲ့ မိသားစုတွေ တက်ရောက် ဂါရဝ ပြုတဲ့ ရန်ကုန်မြို့ အာဇာနည် ဗိမာန်မှာ ပြုလုပ်တဲ့ အခမ်းအနားကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဒုတိယ သမ္မတဦးမြင့်ဆွေ အပါအဝင် အစိုးရအဖွဲ့ အကြီးအကဲ တွေပါတက်ရောက်ခဲ့ပါတယ်။

အာဇာနည် ဗိမာန်မှာ လုံခြုံရေး အစောင့်အကြပ်တွေ တင်းတင်းကျပ်ကျပ် ချထားပါတယ်။

အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်း စုကြည်က အရင်နှစ်တွေက လိုပဲ ထမိန် အနက်၊ အပေါ် အင်္ကျီ အဖြူ ဝတ်ဆင်ထားပြီး သူ့ဖခင်နဲ့ တခြား အာဇာနည် ခေါင်းဆောင်ကြီး တွေကို လွမ်းသူ့ပန်းခွေချ ဂါရဝ ပြုခဲ့ပါတယ်။

ဗိုလ်ချုပ်ရဲ့ သားကြီး ဦးအောင်ဆန်းဦး ကတော့ အခမ်းအနားကို မတက်ရောက်ခဲ့ပါဘူး။

အာဇာနည်နေ့ အခမ်းအနား ကျင်းပပုံတွေက ခေတ်အဆက်ဆက် အစိုးရတွေပေါ်မူတည်ပြီး ပြောင်းလဲ လာခဲ့တယ်လို့ အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ် ဦးဘချိုရဲ့ မြေးအကြီး ဒေါက်တာ ခင်လှချိုက ပြောပါတယ်။

အရင်ခေတ်က သမ္မတကြီး မန်းဝင်းမောင်ကိုယ်တိုင် အခမ်းအနား တက်ခဲ့ပြီး နောက်ပိုင်းမှာ ဦးနေဝင်း၊ ဦးစန်းယု စတဲ့ နိုင်ငံတော် သမ္မတတွေ အကြီးအကဲတွေ တက်ရောက်ခဲ့ ပေမဲ့ နောက်ပိုင်းမှာ မြို့တော်ဝန် အဆင့်သာ တက်ရောက်ခဲ့ကြတာ ကိုလည်း သူက ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ကတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဖြစ်ပေမဲ့ မိသားစုဝင် အနေနဲ့သာ အခမ်းအနားကို တက်ရောက်ခဲ့တာလို့လည်း ဒေါက်တာ ခင်လှချိုက ပြောပါတယ်။

အခုနှစ်မှာ ထူးခြားတာက အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုတွေ အတွက် ဆောက်လုပ်ထားတဲ့ ဧည့်ဆောင်ကို ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင် လာရောက်ပြီး မိသားစုဝင် တွေကို တစ်ယောက်ချင်းစီ နှုတ်ဆက်ခဲ့တယ်လို့ ဆိုပါတယ်။

အာဇာနည်ကုန်း တဝိုက်မှာ ဂါရဝပြုဖို့ လူအုပ်ကြီးက စောင့်ဆိုင်း နေစဉ်မှာ သံဃာတော် တချို့က မေတ္တာသုတ်ရွတ် ပြီးဆုတောင်း ပေးခဲ့ကြပါတယ်။

အတွင်းဝန်ရုံးနဲ့ ဗိုလ်ချူပ်ပြတိုက် တို့မှာလည်း လာရောက် ကြည့်ရှုသူ တွေနဲ့ စည်ကား နေခဲ့ ပါတယ်။

ဒီနှစ်မှာ အာဇာနည် ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံခဲ့ရတဲ့ အခန်းနဲ့ ခေါင်းဆောင်ကြီးတွေ ကျဆုံးစဉ်က ကျန်ခဲ့တဲ့ အရင်က အများပြည်သူ မတွေ့မြင်ဖူးတဲ့ ပစ္စည်း ၂၈ မျိုးကို ပထမဦးဆုံး အကြိမ်ပြသထား ပါတယ်။