မြန်မာနိုင်ငံအနှံ့ ရေဘေးကြုံနေသူ ရှစ်သောင်း ဝန်းကျင်ရှိ

  • 20 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် U Tay Za
Image caption ရေနစ်မြုပ်နေတဲ့ ပြည်မြို့၊ နဝင်းရပ်ကွက်

မြန်မာနိုင်ငံမှာ အခုရက်ပိုင်းတွေထဲ မြစ်ရေကြီးတာတွေကြောင့် ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်နေပြီး မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်တွေမှာ ရေဘေးကြုံနေရသူ ၈၀,ဝ၀ဝ ဝန်းကျင်ရှိနေတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေး ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြောပါတယ်။

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ ရေဘေးသင့်သူ အများဆုံးဖြစ်ကာ ရေဘေးသင့် ပြည်သူ ၄၀,ဝ၀ဝ ကျော်ရှိတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရေဟာ ဇူလိုင်လအစောပိုင်းကတည်းက ဆက်တိုက်မြင့်တက်လာခဲ့ပြီး မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ ရေကြီးရေလျှံတာတွေ ကြုံတွေ့နေရတာပါ။

ဓာတ်ပုံ မူပိုင် U Tay Za
Image caption ပြည်မြို့က ရပ်ကွက်တချို့ထဲ ရေတွေ ဝပ်နေ

ခန္တီး၊ ဖောင်းပြင်၊ မော်လိုက်၊ မုံရွာ၊ ကလေးဝ၊ ဟုမ္မလင်း၊ မင်းကင်းစတဲ့ မြို့တွေမှာတော့ ချင်းတွင်းမြစ်ရေ မြင့်တက်ခဲ့ပြီး ဒီမြစ်ရေဟာ ဧရာဝတီမြစ်ထဲ စီးဝင်ခဲ့ပါတယ်။ ဒီနောက်တော့ မြစ်ကြောင်းတလျှောက်မှာ ရှိတဲ့ ပခုက္ကူ၊ ညောင်ဦး၊ အောင်လံ၊ ပြည် စတဲ့ မြို့တွေမှာ မြစ်ရေဟာ စိုးရိမ်ရေမှတ်ရောက်ရှိနေကာ မြို့ပေါ်ရပ်ကွက် တချို့မှာလည်း ရေကြီးနေပါတယ်။

ရေကြီးရေလျှံမှု ဒဏ်ကြုံနေရတဲ့ ပြည်နဲ့ အောင်လံမြို့တွေက ပြည်သူလူထု တချို့ကတော့ ရေကြီးလို့ အလုပ်အကိုင် မကောင်းသလို အစိုးရဘက်ကလည်း ပံ့ပိုးကူညီမှုတွေ ထိထိရောက်ရောက် မပေးသေးဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် U Tay Za
Image caption ပြည်မြို့က ရပ်ကွက်တချို့ထဲ ရေတွေ ဝပ်နေ

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းထွဋ်ဦးကတော့ ရေဘေးသင့်ပြည်သူတွေ အတွက် ဆန်နဲ့ စားနပ်ရိက္ခာ ထောက်ပံ့တာတွေနဲ့ ကူညီကယ်ဆယ်မှုတွေ လုပ်နေတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ဘေးတလျှောက်က စိုးရိမ်ရေမှတ်ကျော်လွန်ခဲ့တဲ့ မြို့နယ်တွေနဲ့ စိုးရိမ်ရေမှတ် ရောက်ဖို့ နီးစပ်နေတဲ့ မြို့နယ် အချို့မှာ မိုးလေဝသနဲ့ ဇလ ဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။နှစ်စဉ် မိုးရာသီရောက်တိုင်း ဧရာဝတီမြစ်အထက်ပိုင်း မြို့တွေမှာ ရေကြီးလေ့ရှိပြီး ဒီရေတွေဟာ မြစ်အောက်ပိုင်း ဒေသတွေကို စီးဝင်ပြီး ရေကြီးရေလျှံမှုဒဏ် ဆိုးဆိုးရွာရွား ခံရလေ့ရှိတာကြောင့် အခုနှစ်မှာလည်း ဒီလို ဖြစ်မှာကို မြစ်ဝကျွန်းပေါ်ဒေသခံတွေက စိုးရိမ်နေကြပါတယ်။