သာစည်မှာ လက်နက်အမြောက်အများ ဖမ်းမိ

  • 20 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် MOI
Image caption ထိုင်းနိုင်ငံက တစ်ဆင့် မြန်မာနိုင်ငံ တွင်းကို သယ်ဆောင်လာတဲ့ လက်နက်တွေကို ဖမ်းမိ

သာစည်မြို့နယ် ကျွဲတပ်ဆုံ ဂိတ်မှာ လွိုင်ကော်ကနေ မန္တလေးကို သွားမယ့် အိမ်စီးကား တစ်စီးမှာ သယ်လာတဲ့ ထိုင်းနဲ့ ဂျာမနီလုပ် မောင်းပြန်သေနတ် ၂၂ လက်ကို ဇူလိုင်လ ၁၉ ရက်နေ့က ဖမ်းမိ ခဲ့ပါတယ်။

သတင်း ရတဲ့ အတွက် ကလေးမြို့မှာ နေထိုင်သူ ကိုနေစိုးထွေးမင်း မောင်းနှစ်ပြီး သူ့ဇနီး မမြတ်ဆုနှင်း လိုက်ပါလာတဲ့ ကိုယ်ပိုင် ကားကို သာစည်မြို့နယ် ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့ ညက စောင့်ဆိုင်း ဖမ်းဆီး ခဲ့တာ ဖြစ်ပါတယ်။

သူတို့ကို စစ်ဆေးရာမှာ မန္တလေး အောင်မြေ သာစံမြို့နယ် အင်းလေး တည်းခိုခန်းမှာ တည်းခိုနေတဲ့ ကျုံလျန်ဆန်း ခေါ် မောရာ ဆိုသူက ကလေးမြို့ တာဟန်းရပ်ကွက်မှာ နေသူဆီကို ပို့ ခကျပ် ငွေ ၁၅ သိန်းပေးပြီး ပို့ခိုင်း ခဲ့တာလို့ အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်ထား ပါတယ်။

အဲဒီလူကိုလည်း ဇူလိုင်လ ၂၀ ရက်နေ့ မနက်က အင်းလေး တည်းခိုခန်းမှာ ဖမ်းဆီး ရမိ ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လွိုင်ကော်မြို့က နေစိုးထွေးမင်ရဲ့ နေအိမ်ကို ဆက်လက် ရှာဖွေရာမှာ တစ်ထုပ်ကို အရေအတွက် ၅၀၀ ပါတဲ့ ဒီတိုနေတာ ၂၆ ထုပ်၊ တစ်ထုပ်မှာ ၉၀ ကျပ်သားပါတဲ့ ယမ်းစိမ်း အထုပ် ၆၀ အပြင် ငွေသား ကျပ်သိန်း ၁၄၀ ကို သိမ်းဆည်း ရမိခဲ့ ပါတယ်။

ဖမ်းဆီးရမိတဲ့ လက်နက်တွေကို ထိုင်းနိုင်ငံက တစ်ဆင့် မြန်မာနိုင်ငံ တွင်းကို သယ်ဆောင် လာတာ ဖြစ်ပြီး တတိယ အကြိမ် ဖမ်းမိခဲ့တာလို့ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီက သတင်း ထုတ်ပြန်ထားပါတယ်။

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလနဲ့ ဧပြီလ တုန်းကလည်း အလားတူ သယ်ဆောင်ခဲ့တာ ရှိခဲ့ကြောင်းလည်း ဆိုထားပါတယ်။

လက်နက်တွေ တရားမဝင် သယ်ဆောင်သူတွေ ဖြစ်ကြတဲ့ နေစိုးထွေးမင်း၊ မြတ်ဆုနှင်းနဲ့ ကျုံလျန်ဆန်း ခေါ် မောရာတို့ကို သာစည်မြို့ ရဲစခန်းက အမှုဖွင့် အရေးယူ ဆောင်ရွက် သွားမယ် လို့လည်း ဆိုပါတယ်။

နောက်ထပ် ဆက်စပ် တရားခံတွေကိုလည်း ဆက်လက် စုံစမ်းဖော်ထုတ် နေတယ်လို့ ထုတ်ပြန် ထားပါတယ်။