ရှမ်းညီလာခံ ပိတ်ပင်ခံရ

  • 20 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် SNLD Facebook
Image caption CSSU အဖွဲ့ဝင် ရှမ်းခေါင်းဆောင်များ

ထိုင်းနိုင်ငံ ချင်းမိုင်မှာ ဇူလိုင်လ ၂၀ ရက်နေ့က ကျင်းပဖို့ ဆုံးဖြတ်ထားတဲ့ ရှမ်းပြည်ညီညွတ်ရေး ကော်မတီ CSSU ရဲ့ အစည်းအဝေးကို မြန်မာအစိုးရက က့န်ကွက်တာကြောင့် ထိုင်းအာဏာပိုင်တွေက အစည်းအဝေး ကျင်းပခွင့်ကို ပိတ်ပင် လိုက်ပါတယ်။

ရှမ်းလက်နက်ကိုင် အင်အားစုတွေ ၊ ရှမ်းနိုင်ငံရေးပါတီတွေအပြင် အရပ်ဘက် လူမှု့အဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ရှမ်းပြည်ညီညွတ်ရေး ကော်မတီ အစည်းအဝေးကို သုံးရက်ကြာ ကျင်းပဖို့ စီစဉ်ထားခဲ့ပါတယ်။

ဒီကော်မီတီမှာ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် အန်စီအေကို လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီက ဗိုလ်ချုပ်ကြီးယွက်စစ် ဥက္ကဌအဖြစ် တာဝန်ယူ နေတာဖြစ်ပါတယ်။

အဲဒီအစည်းအဝေးဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ဆန့်ကျင်နေပြီး အန်စီအေ အပစ်မရပ်တဲ့ အဖွဲ့ ပါနေတဲ့ အတွက် အစည်းအဝေး ကျင်းပခွင့်မပေးဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ စစ်သံမှူးကနေ ထိုင်းအာဏာပိုင်တွေ အကြောင်းကြား ခဲ့တဲ့ အတွက် ထိုင်းအာဏာပိုင်တွေက အစည်းအဝေး မကျင်းပဖို့ အမိန့်ထုတ်ခဲ့တာ ဖြစ်တယ်လို့ ရှမ်းပြည်ညီညွတ်ရေး ကော်မတီ CSSU ရဲ့ ပြောခွင့်ရ စိုင်းလိတ်က ပြောပါတယ်။

ရှမ်းတစ်မျိုးသားလုံးရဲ့ ဘုံသဘောထား ရဖို့အတွက် အခုလို အစည်းအဝေးကို ကျင်းပရတာ ဖြစ်ပြီး ကျင်းပခွင့် မရတော့တဲ့အတွက် ငြိမ်းချမ်းရေးကို အထောက်အကူ ပြုနိုင်ဖို့ တော်တော်လေး ခက်ခဲ့သွားတယ်လို့ စိုင်းလိတ်က ပြောပါတယ်။

CSSU မှာ ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည် တပ်မတော် တောင်ပိုင်းနဲ့ မြောက်ပိုင်း ၊ SSA အသွင်ပြောင်း စိန်ကျော့ ပြည်သူ့စစ် ၊ SNLD၊ SNDP စတဲ့ ရှမ်းပါတီတွေ ၊ ရှမ်းအရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ဩဇာတိက္ကမရှိတဲ့ ရှမ်းတိုင်းရင်းသား တချို့လည်း ပါဝင်ပါတယ်။

အန်စီအေအရ ကျင်းပနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အစည်းအဝေးတွေ မှာလည်း ဒီကော်မီတီမှာ သဘောတူထားတဲ့ အချက်အချို့ကို ရှမ်းပါတီတွေ ၊ လက်နက်ကိုင်တွေက တင်ပြဆွေးနွေးခဲ့ပါတယ်။

ပိတ်ပင်ခံရတဲ့ ဆွေးနွေးပွဲမှာ မကျင်းပရသေးတဲ့ ရှမ်းအမျိုးသားအဆင့် ဆွေးနွေးပွဲ ကျင်းပရေးအပါအဝင် လာမယ့် နိုင်ငံရေးဆွေးနွေးပွဲမှာ တစ်သံတည်း ပိုထွက် လာနိုင်ရေးအတွက် ၂၁ ရာစု ပင်လုံမှာ ဆွေးနွေးတဲ့ ကဏ္ဍကြီး ၅ ရပ်ကို အခြေတည် ဆွေးနွေးဖို့ စီစဉ်ထားခဲ့တာပါ။

အစိုးရဘက်က အထင်မြင်လွဲမှားမှု သာဖြစ်တယ်လို့ ရှမ်းပြည်ညီညွတ်ရေး ကော်မတီရဲ့ အကြံပေးတစ်ဦးဖြစ်တဲ့ စဝ်ဟန်ယောင်ဝေက ဘီဘီစီကို ပြောပါတယ်။

အခုအစည်းအဝေးက ၂၁ ရာစု ပင်လုံကို အထောက်အကူပြုဖို့ လုပ်တာဖြစ်တယ်။ အစိုးရအနေနဲ့ သင်္ကာမကင်းတာ ရှိရင် တိုက်ရိုက် မေးမြန်းသင့်တယ်၊ အဲဒီလိုမှပဲ ရှင်းပြနိုင်မယ်လို့ သူက ပြောသွားပါတယ်။

စဝ်ဟန်ယောင်ဝေဟာ သမ္မတ ဦးသိန်းစိန် လက်ထက်ကတည်းက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်ခဲ့သူ ဖြစ်ပေမယ့် သူကိုယ်တိုင်ကတော့ မကြာသေးခင်ကပဲ အစိုးရရဲ့ ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်မှုကို ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနစ်ကလည်း ရန်ကုန်မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ရှမ်းပြည်ညီညွတ်ရေး ကော်မတီရဲ့ အစည်းအဝေးကို ကျင်းပနေတုန်း စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့က ပိတ်ပင်မှုတွေ ပြုလုပ်ခဲ့ဖူးပါတယ်။

၂၀၀၅ ခုနစ် စစ်အစိုးရ လက်ထက်ကတော့ တောင်ကြီးမှာ ရှမ်းပါတီ ၊ ရှမ်းလက်နက်ကိုင်တွေ အရပ်ဘက် အဖွဲ့အစည်းတွေ တွေ့ဆုံမှုလုပ်နေတုန်း ခေါင်းဆောင်အချို့ကို ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်တာတွေ ရှိခဲ့ပါတယ်။ ရှမ်းပြည်ညီညွတ်ရေး ကော်မီတီဘက်ကတော့ ဒီတစ်ကြိမ်ဆွေးနွေးပွဲ မကျင်းပနိုင်ပေမဲ့ နောက်ဆွေးနွေးပွဲတွေ ကိုတော့ ဆက်လက် ကျင်းပနိုင်အောင် ကြိုးစားသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။