The Voice အယ်ဒီတာချုပ် ပုဒ်မတခုတိုးပြီး တရားစွဲခံရ

  • 21 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption တပ်မတော်ဘက်က တိုင်ကြားမှုကြောင့် ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ)နဲ့ ဇွန်လ ၂ ရက်နေ့မှာ ဖမ်းဆီးခံရပြီး လက်ရှိ တရား ရင်ဆိုင်နေရတဲ့ ဦးကျော်မင်းဆွေ

The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ ဆောင်းပါးရှင်ဗြိတိသျှကိုကိုမောင်တို့ကို သတင်းသမား ကျင့်ဝတ်နဲ့ သက်ဆိုင်တဲ့ သတင်းမီဒီယာပုဒ်မ ၂၅ (ခ) နဲ့ တပ်မတော်ဘက်က ထပ်မံ တရားစွဲလိုက်ပါတယ်။

အများပြည်သူအကျိုးအတွက် မပါပဲ လူပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်း တရပ်ကို ဂုဏ်သိက္ခာ မညိုးနွမ်းစေရဘူးဆိုတဲ့ သတင်းသမား ကျင့်ဝတ်ကို ဖောက်ဖျက်မှုဖြစ်တဲ့ သတင်းမီဒီယာပုဒ်မ ၂၅ (ခ)နဲ့ တပ်မတော်ဘက်က ဒုဗိုလ်မှူးကြီး လင်းထွန်းက တရားလိုပြုပြီး ဗဟန်းမြို့နယ် တရားရုံးက တဆင့် တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ဦးကျော်မင်းဆွေဟာ the Voice သတင်းစာမှာ ဗြိတိသျှကိုကိုမောင်ရေးသားခဲ့တဲ့ ကျည်ထောင်စု သစ္စာဆိုတဲ့ သရော်စာ ဆောင်းပါးနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က တိုင်ကြားမှုကြောင့် ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ)နဲ့ ဇွန်လ ၂ ရက်နေ့မှာ ဖမ်းဆီးခံရပြီး လက်ရှိ တရား ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

သူနဲ့အတူ ဖမ်းဆီးခံရတဲ့ ဗြိတိသျှ ကိုကိုမောင်ကိုတော့ ဆက်သွယ်ရေးပုဒ်မနဲ့ တိုက်ရိုက် မဆက်စပ်ဘူးဆိုပြီး ပြန်လွှတ်ပေး ထားခဲ့တာ ဖြစ်ပါတယ်။

အခုတချိန်မှာ ပြန်လည် တရားစွဲခံရတဲ့ ဗြိတိသျှ ကိုကိုမောင်ကတော့ သူအစွဲခံရတဲ့ သတင်းမီဒီယာပုဒ်မ ၂၅ (ခ)အတွက် အာမခံရခဲ့ပေမယ့် ဦးကျော်မင်းဆွေကတော့ ပုဒ်မ ၆၆ (ဃ)နဲ့ တရားရင်ဆိုင်နေရဆဲဖြစ်လို့ အာမခံမရခဲ့ဘူးလို့ ဘီဘီစီကို ပြောပါတယ်။

မတ်လ ၂၆ ရက်နေ့ထုတ် the Voice သတင်းစာမှာ အခုလို သရော်စာ ရေးသားခဲ့တဲ့ ဗြိတိသျှ ကိုကိုမောင်ခေါ် ဦးကျော်စွာနိုင်ကတော့ သူရဲ့ ဆောင်းပါးဟာ ပြည်တွင်းစစ်ဖြစ်စဉ် တခုလုံးမှာ ပါဝင်သူတွေကို ရည်ရွယ်ခဲ့ပြီး ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းကိုမှ သီးခြားပြောဆိုခဲ့တာ မဟုတ်ဘူးဆိုတဲ့အချက်ကို မူတည်ပြီး ပြန်လည် ဖြေရှင်းသွားမယ်လို့ ပြောပါတယ်။

ဒီဆောင်းပါးကို အွန်လိုင်းမှာ ဖော်ပြခဲ့တဲ့ ဦးကျော်မင်းဆွေကို ဆက်သွယ်ရေး ပုဒ်မနဲ့ တရားစွဲတာဟာ ဥပဒေကြောင်းအရ ညီညွတ်မှုမရှိတဲ့အတွက် ဒါကို ပယ်ဖျက်ပေးပြီး သတင်းမီဒီယာ ပုဒ်မနဲ့ပဲ ဆက်လက် အမှုစစ်ဆေးပေးဖို့ တရားရုံးမှာ တောင်းဆိုသွားမယ်လို့ သူ့ရဲ့ ရှေ့နေ ဦးခင်မောင်မြင့်က ဘီဘီစီကို ပြောပါတယ်။

သတင်းမီဒီယာ ပုဒ်မ ၂၅ (ခ) ဟာ ဒဏ်ငွေ ဆယ်သိန်းအထိ ပေးဆောင်ရနိုင်တဲ့ ပုဒ်မ ဖြစ်ပေမယ့် အာမခံ ရနိုင်တဲ့ ပုဒ်မ ဖြစ်ပြီး ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) ကတော့ အာမခံ မရနိုင်တဲ့ ပုဒ်မဖြစ်တဲ့အပြင် ထောင်ဒဏ်နဲ့ ငွေဒဏ် နှစ်ရပ်လုံး ကျခံရနိုင်တဲ့ ပုဒ်မလည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ