ရခိုင်နဲ့ ဧရာဝတီဝန်ကြီးချုပ်တို့ ပထမဆုံး တွေ့ဆုံ ဆွေးနွေး

  • 22 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် U Nyi Pu Facebook
Image caption ဟိုတယ်လုပ်ငန်း၊ ရေထွက် ပို့ကုန် လုပ်ငန်းနဲ့ ဆိပ်ကမ်းလုပ်ငန်းတွေမှာ ဧရာဝတီနဲ့ ရခိုင်ဒေသတို့ ပူးပေါင်းလုပ်ဆောင်သွားမယ်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးမန်းဂျော်နီတို့ဟာ ရခိုင်ပြည်နယ် ဂွမြို့နယ်မှာ ကျင်းပတဲ့ ဓါတ်အားရုံခွဲ ဖွင့်ပွဲ အခမ်းအနားမှာ ဒေသဖွံ့ဖြိုးရေးအတွက် တိုင်းနဲ့ ပြည်နယ်အဆင့် ဝန်ကြီးချုပ် ၂ ဦး အနေနဲ့ ပထမဆုံး တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

အခုလို ဇူလိုင်လ ၂၂ ရက်နေ့မှာ ဖွင့်လှစ်လိုက်တဲ့ ရခိုင်ပြည်နယ်ရဲ့ တောင်ဘက် အစွန်ဆုံး ဂွမြို့နယ်က ဓါတ်အားခွဲရုံဟာ ဧရာဝတီတိုင်း အသုတ်ဒေသက လာတဲ့ မဟာဓါတ်အားလိုင်းတွေကို အသုံးပြု လည်ပတ်မှာ ဖြစ်ပြီး ဂွမြို့နယ်နဲ့ ကျေးရွာ ၁၉ ရွာမှာ ၂၄ နာရီ လျှပ်စစ်မီးရလာမှာ ဖြစ်ပါတယ်။

ဧရာဝတီနဲ့ ရခိုင်ဒေသ ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ရာမှာ အုပ်ချုပ်ရေးနယ်မြေအရ ခြားနားမှု ရှိပေမယ့် ကမ်းရိုးတန်းဒေသ ဖွံ့ဖြိုးရေးလို အတူတကွ လုပ်ဆောင်နိုင်မယ့် အခန်းကဏ္ဍတွေ ရှိတဲ့အတွက် ဝန်ကြီးချုပ် ၂ ဦးက တွေ့ဆုံ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

အခုလို ဆွေးနွေးရာမှာ ဟိုတယ်လုပ်ငန်း၊ ရေထွက် ပို့ကုန် လုပ်ငန်းနဲ့ ဆိပ်ကမ်းလုပ်ငန်းတွေမှာ ဧရာဝတီနဲ့ ရခိုင်ဒေသတို့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ရခိုင်ပြည်နယ်ရဲ့ လျှပ်စစ်၊ စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံက ဘီဘီစီကို ပြောပါတယ်။

ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းအစိုးရ အဖွဲ့ဝင်တွေ ညှိနှိုင်းထားတဲ့ မကျေးငူနဲ့ ကျောက်ချွန်လမ်းပိုင်း ဆောက်လုပ်ပေးဖို့ ကိစ္စကိုလည်း ဆောက်လုပ်ရေးဝန်ကြီးဋ္ဌာနက သဘောတူလိုက်ပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ပြောဆိုခဲ့ပါတယ်။

အခုလို ပူးပေါင်းဆောင်ရွက်မှုတွေ ရှိတဲ့အတွက် နှစ်ဖက်ဒေသက ဆင်းရဲနိမ့်ကျတဲ့ ဒေသခံတွေ အတွက် သတင်းကောင်းတခုဖြစ်ပြီး အထူးသဖြင့် ဒေသ တည်ငြိမ်ရေးအတွက် ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်နေတဲ့ ရခိုင်ပြည်နယ်အတွက် အလားအလာ ကောင်းတခုလည်း ဖြစ်ပါတယ်။