မြောက်ကိုရီးယားနဲ့ မြန်မာ စစ်ရေး ဆက်ဆံမှုတွေ ဆက်ရှိနေတယ်လို့ အမေရိကန် ယူဆ

  • 23 ဇူလိုင် 2017
Image caption အမေရိကန်ရဲ့ အထူး သံတမန် ဂျိုးဆက်ဖ် ယွန်

မြောက်ကိုရီးယားနဲ့ မြန်မာ နိုင်ငံအကြား လက်ရှိ အချိန်မှာလည်း ဆက်နွယ်မှုတွေ ရှိနေ သေးတယ်လို့ အမေရိကန်ဘက်က ယူဆ ထားပါတယ်။

မြောက်ကိုးရီးယား နိုင်ငံထဲက စီးဝင်တဲ့ ငွေကြေးတွေ လာရာ နိုင်ငံရပ်ခြား တိုင်းပြည်ထဲ မြန်မာ နိုင်ငံ ပါဝင် နေတယ်လို့ အမေရိကန်က ပြောနေတာ ဖြစ်ပါတယ်။

ဒီ အကြောင်း မြောက်ကိုရီးယား အရေး ဆိုင်ရာ အမေရိကန်ရဲ့ အထူး သံတမန် ဂျိုးဆက်ဖ် ယွန် ပြီးခဲ့တဲ့ သီတင်းပတ် တုန်းက မြန်မာ နိုင်ငံကို လာရောက် ခဲ့စဉ်တုန်းက ပြောခဲ့ပါတယ်။

အမေရိကန် ဘက်က အသေးစိတ် အချက်အလက်တွေကို ထုတ်မပြောတဲ့ အတွက် ဘယ်လို ကဏ္ဍက လက်ကျန် ဆက်ဆံရေးတွေကြောင့် အခုလို ငွေကြေး စီးဆင်းမှု ရှိနေတယ် ဆိုတာ ရှင်းရှင်းလင်းလင်း မသိရဘူး ဆိုပြီး မစ္စတာ ယွန်နဲ့ တွေ့ဆုံရာမှာ ပါဝင်ခဲ့တဲ့ မြန်မာ သုတေသီ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

မစ္စတာယွန်ဟာ စင်္ကာပူမှာ ညီလာခံတစ်ခု လာတက်အပြီး အပြန်မှာ မြန်မာ နိုင်ငံကို ဝင်လာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်တို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ် ခဲ့ပြီးနောက်ပိုင်း မြောက်ကိုရီးယားနဲ့ကြား စစ်ရေးအရ ဆက်ဆံရေး မရှိဘူး ဆိုပြီး မြန်မာ အာဏာပိုင်တွေက အမေရိကန် သံတမန်ကို ပြောထားပါတယ်။

အရင် စစ်အစိုးရ လက်ထက် မြောက်ကိုရီးယားနဲ့ကြား ပူးတွဲ ထားရှိတဲ့ စီမံကိန်းမျိုး ကနေ ငွေကြေး အပေးအယူ အခုလို ဆက်ရှိ နေတာ ဖြစ်နိုင်တယ် ဆိုတဲ့ ခန့်မှန်းချက် ပေါ်ထွက်လာ ပေမယ့် လက်ရှိ မြန်မာ အစိုးရကတော့ မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာမယ့် အကြောင်း ကတိ ပေးထားပါတယ်။

နိုင်ငံတကာ ဆက်ဆံရေး တိုးချဲ့နေတဲ့ မြန်မာ စစ်တပ် အနေနဲ့ မြောက်ကိုရီးယား အရေးကို အကြောင်းပြုပြီး မျက်နှာ အပျက်ခံမှာ မဟုတ်ဘူးလို့ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကို လေ့လာနေတဲ့ တကောင်း သုတေသန အဖွဲ့က ဒါရိုက်တာ ကိုရဲမျိုးဟိန်းက ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ