ရခိုင်မှာရေကြီးပြီး ရန်ကုန်-စစ်တွေ ကားအသွားအလာပြတ်တောက်

  • 24 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် U Yat Kha
Image caption တောင်ကုတ်မြို့ ဆေးရုံကွက်သစ် ရေနစ်မြုပ်မှု အခြေအနေ

ရခိုင်ပြည်နယ်ကမြို့နယ်အချို့မှာ ရေကြီးနစ်မြုပ်နေတဲ့အတွက် ဒေသခံ ၃၀ဝ ကျော်ကို ကယ်ဆယ်ရေး စခန်း ပြောင်းရွှေ့ထားရပြီး မနေ့က ရန်ကုန်-စစ်တွေ ကားအသွားအလာလည်း ပြတ်တောက်သွားတယ် လို့ သိရပါတယ်။

အနိမ့်ပိုင်းဒေသတွေမှာ ရေကြီးနစ်မြုပ်မှုတွေရှိလာတဲ့ အတွက် သံတွဲမြို့နယ်က ရပ်ကွက် ၄ ခုနဲ့ ရွာ ၁ ရွာက လူ ၃၀ဝ ကျော်ကို ကယ်ဆယ်ရေးစခန်း ၃ ခုဆီ ရွှေ့ပြောင်းထားရတယ်လို့ သံတွဲ အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဟန် က ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် အမ်းမြို့နယ် အုပ်ချုပ်ရေးမှူးကလည်း မြေပုံမြို့နယ်နားက ရန်ကုန်-စစ်တွေ ကားလမ်းအပိုင်း မှာ မနေ့က နေ့လည် ၁၂ နာရီ ကျော် ကတည်းက ကားကြီးရော ကားသေးပါ သွားလာလို့ မရတော့လောက်အောင် ရေကျော်လာတဲ့အတွက် ကားအသွားအလာတွေလည်း ပြတ်တောက်ကုန်ပြီလို့ ပြောပါတယ်။

သံတွဲမြို့နယ်နဲ့ အမ်းမြို့နယ်တို့အပြင် တောင်ကုတ်မြို့ပေါ်မှာလည်း မိုးသည်းထန်စွာရွာသွန်း သလို ဒီရေပါ မြင့်တက်လာတဲ့အတွက် အနိမ့်ပိုင်းနေရာတွေမှာ ရေနစ်မြုပ်တာတွေရှိလာပြီလို့ သိရပါတယ်။မနေ့ကတော့ မြို့ပေါ်မှာ အမြင့်ပိုင်း ဖြစ်တဲ့လမ်းမပိုင်းတွေထိ ရေကျော်သွားပါပြီ။ မြေနိမ့်ပိုင်းမှာ နေတဲ့ သူတွေက လက်လုပ်လက်စားတွေဖြစ်တဲ့အတွက် သူတို့အတွက် စားရေးသောက်ရေးက အဓိက အခက် အခဲပါလို့ ရိုးမလှိုင်း ရခိုင်စာပေရိပ်မြုံအဖွဲ့ တည်ထောင်သူ ဦးယက္ခကဘီဘီစီကိုပြောပါတယ်။

ရခိုင်ပြည်နယ်က နေရာအနှံ့အပြားမှာ အခုလိုရေကြီးနေပေမဲ့လည်း အထိအခိုက် အသေဆုံးကတော့ မရှိဘူးလို့သိရပါတယ်။

ဒီလိုရေကြီးနစ်မြုပ်မှုတွေနှစ်စဉ်လိုလို ဖြစ်လာတာဟာ ရခိ်ုင်မှာမိုးများလာသလို တဖက်မှာလည်း ရခိုင် ရိုးမထဲက သစ်တွေကို မဆင်မခြင်ထုတ်ယူရာကနေ သဘာဝပတ်ဝန်းကျင်တွေပျက်စီးလာတဲ့ အတွက် အခုလိုရေကြီးတာတွေဖြစ်ပေါ်လာရတာဖြစ်တယ်လို့ ရခိုင်ဒေသခံတွေကသုံးသပ်ထားကြပါတယ်။