ယန်ဟီးလီထုတ်ပြန်ချက် လွှတ်တော်မှာ အပြင်း အထန် ကန့်ကွက်

  • 24 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption သူ့ခရီစဉ်အတွင်း ကန့်သတ်မှုတွေ ရှိခဲ့တယ်လို့ ယန်ဟီးလီပြော

မကြာခင်ရက်ပိုင်းကမှ မြန်မာနိုင်ငံက ပြန်သွားတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ အထူးသံတမန် မစ္စယန်ဟီးလီရဲ့ ထုတ်ပြန်ချက်ကို ပြင်းထန်စွာ ကန့်ကွက်တဲ့ အရေးကြီး အဆိုကို ဇူလိုင်လ ၂၄ ရက်နေ့က ပြည်သူ လွှတ်တော်မှာ တင်သွင်း ခဲ့ရာမှာ ကန့်ကွက်သူ မရှိ ဆွေးနွေးကြဖို့ သဘောတူ ခဲ့ပါတယ်။

ဒီအရေးကြီး အဆိုကို အိမ်မဲမြို့နယ် NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်သန္တာက တင်သွင်းခဲ့ တာဖြစ်ပြီး ဇူလိုင် ၂၅ ရက်နေ့မှာ ဆွေးနွေး ကြမှာဖြစ်ပါတယ်။

ဇူလိုင်လ ၂၃ ရက်နေ့က ကကျင်းပခဲ့တဲ့ NLD ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ဒီအရေးကြီး အဆိုကို တင်ဖို့ သူ့ကို တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။

NLD အစိုးရ လက်ထက်မှာ မစ္စယန်ဟီးလီ မြန်မာနိုင်ငံကို လာတာ အခု တစ်ကြိမ်နဲ့ဆို ၃ ကြိမ် ရှိခဲ့ပြီ ဖြစ်ပေမဲ့ အခုမှ အရေးကြီးအဆို တင်တာ ဖြစ်ပါတယ်။

အရေးကြီး အဆိုတင်ရတဲ့ အကြောင်းက လာမယ့် အောက်တိုဘာလ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မစ္စယန်ဟီးလီက အစီရင်ခံစာ တင်တဲ့ အခါ မပြည့်စုံတာ၊ လွဲမှားတာတွေ မပါဘဲ ဘက်လိုက်မှု ကင်းမှ နိုင်ငံတကာက မှန်မှန်ကန်ကန် သုံးသပ်နိုင်မှာ ဖြစ်လို့ တင်ရတာလို့ ဒေါ်သန္တာက ပြောပါတယ်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးနဲ့ နှစ်ဖက် အသိုင်းအဝိုင်း ဖြစ်ပေါ်တိုးတက်မှုတွေ အတွက် အစိုးရက အတတ်နိုင်ဆုံးလုပ်ခဲ့တာကိုလည်း လစ်လျူရှုရာ ရောက်တယ်လို့ သူက ပြောပါတယ်။

ရခိုင်ပြည်နယ် အရေးက ထိလွယ် ရှလွယ် ဖြစ်တယ်၊ နိုင်ငံရေး သဘောဆောင်ပြီး လူအများ ထင်သလို လူမျိုးရေး ဘာသာရေး မဟုတ်ဘူးလို့ ဒေါ်သန္တာက ပြောပါတယ်။

မစ္စယန်ဟီလီရဲ့ ၁၂ ရက်ကြာ ခရီးစဉ်အပြီး ထုတ်ပြန်ချက်ထဲမှာ ရခိုင်ပြည်နယ် အခြေ အနေကလွဲလို့ ကျန်ဒေသတွေမှာ ဖြစ်ပျက်နေတာတွေ ကိုတော့ သူအနေနဲ့ လက်ခံတယ်လို့ ဒေါ်သန္တာက ပြောပါတယ်။

မစ္စယန်ဟီးလီကတော့ ဇန်နဝါရီလက သူ နောက်ဆုံး လာရောက်ခဲ့ပြီး နောက်ပိုင်း ရခိုင်ပြည်နယ် ဆိုင်ရာ အခြေအနေဟာ တိုးတက်မှု မရှိကြောင်းနဲ့ စစ်ဆင်ရေးတွေ အတွင်း လုံခြုံရေး တပ်ဖွဲ့တွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်လို့ စွပ်စွဲ ပြောဆိုတာတွေ ဆက်လက် ကြားနေရ တယ်လို့ ဆိုထားပါတယ်။