H1N1 ရာသီတုပ်ကွေး အစိုးရိမ်လွန်ဖို့ မလိုပေမဲ့ သတိထား ဂရုစိုက်သင့်

  • 25 ဇူလိုင် 2017
Image caption ကူးစက်ခံရသူ ၁၃ ယောက် ရန်ကုန် ဆေးရုံကြီးမှာ တက်ရောက်ကုသခံယူနေ

အဆုတ်ရောင် ရောဂါနဲ့ ရန်ကုန် ဆေးရုံကြီး အရေးပေါ် ကုသဆောင်မှာ တက်ရောက် ကုသခဲ့တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ယောက်နဲ့ ပဲခူးမြို့က အမျိုးသား တစ်ယောက်တို့ သေဆုံးခဲ့ ပြီးနောက် ဓာတ်ခွဲခန်းပို့ စစ်ဆေး ခဲ့ရာမှာ H1N1 ဗိုင်းရပ်စ် ကူးစက်နေတာ တွေ့ခဲ့ရ တယ်လို့ ရန်ကုန်တိုင်း ကုသရေး ဦးစီဌာနမှူး ဒေါက်တာ သာထွန်းကျော်က ဘီဘီစီကို ပြောပါတယ်။

သူတို့ကို အတွင်း လူနာတွေ အဖြစ် လက်ခံကုသမှု မပြုခင် အရေးပေါ်ဌာနမှာပဲ သေဆုံး ခဲ့ကြတာဖြစ်ပါတယ်။

အခုဖြစ်ပွား နေတဲ့ ရောဂါက လူမှာ ဖြစ်တဲ့ ရာသီ တုပ်ကွေး အမျိုးအစား ဖြစ်ပြီး ရောဂါဖြစ်ပွား မှုကြောင့် သေဆုံးမှုနှုန်း အလွန်နည်းတယ်လို့ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ကူးစက်ရောဂါ ကာကွယ်ရေးဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ဘီဘီစီကို ပြောပါတယ်။

ဒီရောဂါက မြန်မာ နိုင်ငံကို ၂၀၀၉ ခုနှစ်က စတင် ရောက်လာခဲ့တာဖြစ်ပြီး နှစ်စဉ် ရောဂါဖြစ်ပေမဲ့ အခုနှစ်လို သေဆုံးမှုတော့ မရှိခဲ့ဘူးလို့ သူက ဆိုပါတယ်။

ရောဂါ လက္ခဏာတွေက သာမန် တုပ်ကွေးမျိုးလို ဖြစ်ပြီး ပိုပြင်းထန်တယ်၊ လူအများ အထိတ် တလန့် ဖြစ်ပြီး စိုးရိမ်စရာ မလိုပေမဲ့ သတိထားပြီး ဂရုတော့ စိုက်သင့်တယ် လို့လည်း ဒေါက်တာ သန်းထွန်းအောင်က ပြောပါတယ်။

ရောဂါဖြစ်သူနဲ့ ၆ ပေ အကွာမှာ နေရင် ကူးနိုင်ပြီး အသက်ရှူ လမ်းကြောင်းဆိုင်ရာနဲ့ နှာစေး ချောင်းဆိုးဖြစ်တာတွေ ကနေ အချင်းချင်းကူးစက် နိုင်တဲ့ အတွက် လူနာနဲ့ လူနာစောင့်တွေ နှာခေါင်းစည်း တပ်ထားဖို့၊ လက်ကို ဆပ်ပြာနဲ့ စင်အောင်ဆေးဖို့ နဲ့ ချောင်းဆိုးတဲ့ အခါအဝတ်နဲ့ အုပ်ပြီး ဆိုးဖို့ လိုတယ်လို့ သူက ပြောပါတယ်။

သာမန် တုပ်ကွေးက ငါးရက်ကနေ တစ်ပတ်လောက် အတွင်း ပျောက်သွားပေမဲ့ H1N1 ကြောင့် ဖြစ်ပွားတဲ့ ရာသီ တုပ်ကွေးကတော့ ပိုကြာ တတ်တယ်လို့ လည်း ဒေါက်တာ သန်းထွန်းအောင်က ပြောပါတယ်။

အသက်ရှူကျပ်တာ၊ မောတာ၊ သတိလစ်တာ စတဲ့ ပြင်းထန်တဲ့ တုပ်ကွေးလက္ခဏာတွေ တွေ့ရရင် သက်ဆိုင်ရာ ဆေးရုံ ဆေးပေးခန်းကို အမြန်ဆုံး သွားရောက် ဆေးကုသ ခံယူဖို့ ကျန်းမာရေး ဝန်ကြီးဌာနက သတိပေးထားပါတယ်။

အခု မြန်မာ နိုင်ငံမှာ ဖြစ်နေတဲ့ H1N1 ကူးစက်ခံရသူ ၁၃ ယောက် ရှိပြီး ဒီထဲက သုံးယောက်က ရန်ကုန် ဆေးရုံကြီးမှာ တက်ရောက် ကုသနေဆဲ ဖြစ်ပါတယ်။

ခုချိန်ထိ သေဆုံးသူ စုစုပေါင်း သုံးယောက် ရှိနေပြီ ဖြစ်ပါတယ်။