ကြက်ငှက် တုပ်ကွေးနဲ့ ရာသီတုပ်ကွေး အရေးပေါ်အခြေအနေကြေညာဖို့ မလိုသေး

  • 26 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ထားဝယ် ကြက်ခြံတွေကနေ ကြက်ဥနဲ့ကြက်သား ရောင်းချခွင့်ပိတ်ထား

တနင်္သာရီတိုင်း ထားဝယ်မှာ အပြင်းစား H5N1 ကြက်ငှက် တုပ်ကွေး ရောဂါ ဖြစ်ပွားနေပြီး ကြက်ကောင်ရေ နှစ်ထောင်ကျော် လောက်ကို သုတ်သင် ရှင်းလင်းခဲ့ရ ပါတယ်။

အခုတော့ မြို့တွင်း ကြက်ဥနဲ့ ကြက်သား ရောင်းချမှုကို တိုင်း ဒေသကြီးအစိုးရက လုံးဝ ပိတ်ပင် ထားလိုက်ပြီး လူကိုကူးစက် မလာဖို့ အထူးသတိပေးဆောင်ရွက်နေတယ်လို့ တနင်္သာရီတိုင်း စည်ပင်နဲ့ လူမှုရေးဝန်ကြီး ဦးဟိုပင်က ပြောပါတယ်။

၂၀၀၆ ခုနှစ်က မြန်မာနိုင်ငံမှာ H5N1 ကြက်ငှက် တုပ်ကွေးရောဂါ ဟာ စတင် တွေ့ရတာဖြစ်ပြီး ကူးစက်မှုတွေကြောင့် အသက် ဆုံးရှုံးမှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းမျိုးတော့ မရရှိခဲ့ပါဘူး။

လောလောဆယ် မြန်မာနိုင်ငံမှာ လူသေဆုံးမှုတွေ ရှိနေတဲ့ H1N1 ဗိုင်းရပ်စ် ကူးစက်ရောဂါနဲ့ ကြက်ငှက် တုပ်ကွေး H5N1 ကူးစက်ရောဂါတွေ ပျံ့နှံ့ ဖြစ်ပွားနေတာနဲ့ ပတ်သက်လို့ အိမ်နီးချင်း နိုင်ငံတွေ အပါအဝင် နိုင်ငံတကာကို အစိုးရက သတိပေး ဆောင်ရွက်မှုတွေ စတင် လုပ်ဆောင်နေ ပါတယ်။

ရောဂါဖြစ်နေတဲ့ အခြေအနေကို နိုင်ငံတကာ သိအောင် အကြောင်းကြား ခဲ့ပြီး ပြည်တွင်း အဝင် အထွက်တွေမှာ ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ကူးစက်ရောဂါ ကာကွယ်ရေးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြော ပါတယ်။

ဒီရောဂါဟာ ကူးစက်မြန်တဲ့ ကပ်ရောဂါကြီး မဟုတ်သေးတဲ့ အတွက် လောလောဆယ် ပြည်သူ့ ကျန်းမာရေး အရေးပေါ် အခြေအနေ မကြေညာ သေးဘူးလို့ သူက ပြောပါတယ်။

H1N1 ဗိုင်းရပ်စ် ကူးစက် ရောဂါက ချင်းပြည်နယ်မှာ စတင် ဖြစ်ခဲ့ပြီး နောက်မှာ ရန်ကုန်၊ ပဲခူးနဲ့ ဧရာဝတီတိုင်းတို့မှာ ရောဂါ ကူးစက်မှုတွေ ရှိလာခဲ့ ပါတယ်။

ရောဂါကူးစက်မှု စတင် ဖြစ်ခါစ ချင်းပြည်နယ်မှာ သေဆုံးခဲ့တဲ့ လူနာကတော့ H1N1 ဗိုင်းရပ် ကြောင့် သေဆုံးခဲ့တာ မဟုတ်ဘူးလို့ ဒေါက်တာ သန်းထွန်းအောင်က ပြောပါတယ်။

ရန်ကုန် ဆေးရုံကြီးမှာ တက်ရောက် ဆေးကုသ နေသူတွေထဲက လူနာ သုံးယောက် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

လက်ရှိ အချိန်အထိ ရန်ကုန်ဆေးရုံကြီး၊ ရန်ကင်း ကလေးဆေးရုံ အပါအဝင် အစိုးရ ဆေးရုံတွေမှာ တက်ရောက် ကုသနေတဲ့ ကူးစက် လူနာ အယောက် ၂၀ ရှိနေပြီ ဖြစ်ပါတယ်။