ကရင်အမျိုးသားအစည်းအရုံးက ငြိမ်းချမ်းရေးဖြစ်စဉ် ကို ပြန်လည်သုံးသပ်နေ

  • 26 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption NCA စာချုပ်ပါအချက်တွေ အကောင်အထည်ဖော်မှု ကို ဝေဖန်နေကြ

အပစ်အခတ်ရပ်စဲထားတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ခေါင်းဆောင် တွေက ငြိမ်းချမ်းရေး ဖြစ်စဉ်တခုလုံးကို ပြန်လည်သုံးသပ်ပြီး တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး စာချုပ် NCA ကို အကောင်အထည်တဲ့ နေရာမှာ အားနည်းနေတာတွေကို ဆွေးနွေးဖို့အတွက် အစည်းအဝေး တခု ပြုလုပ်နေပါတယ်။

သူတို့ဌာနချုပ်ဖြစ်တဲ့ လောခီးလာ စခန်းမှာ လုပ်တဲ့အဲဒီ အစည်းအဝေးမှာ ခေါင်းဆောင်တွေကြား NCA စာချုပ်မှာပါတဲ့ စကားလုံးတွေအပေါ် အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ၊ အမြင်တွေ မတူ တာတွေ ရှိနေတဲ့အတွက် အကြိတ်အနယ် ဆွေးနွေးနေကြတယ်လို့လည်း သိရပါတယ်။

KNU ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ် စောအာဇက်ဖိုး က အခုစာချုပ်ဟာ အပြည့်စုံဆုံးမဟုတ်ပေမယ့် ဒီအပေါ်အခြေခံပြီး တဖက် နဲ့ ဆက်လက်ဆွေးနွေး ကြဖို့ လိုတယ်လို့ ဘီဘီစီ ကို ပြောပါတယ်။

အခုလိုအချိန်မှာပဲ မြန်မာအစိုးရပိုင် မြန်မာ့အလင်း သတင်းစာ ရဲ့ အယ်ဒီတာ့အာဘော် အခန်းမှာ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပြန်လည်သုံးသပ်ရန်လိုအပ်မှု ဆိုတဲ့ ခေါင်းစဉ် နဲ့ သတင်းခေါင်းကြီး ရေးသားထားပါတယ်။

အဲဒီအာဘော်ထဲမှာ NCA စာချုပ်ဟာ အရေးကြီးတဲ့စာချုပ် တခုဖြစ်ကြောင်းနဲ့ ဒီစာချုပ် သဘောတူညီချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ မူလစာချုပ်ပါ အချက်တွေနဲ့ ကွဲလွဲမှု မရှိအောင် တိုက်တွန်း ထားပါတယ်။

ပြီးခဲ့တဲ့ ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံ ဒုတိယအစည်းအဝေး ပြီးခဲ့တဲ့နောက်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရဲ့ အောင်မြင်မှု အတိုင်းအတာတွေနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့တာပါ။

အစိုးရ နဲ့တပ်မတော်ဖက်တွေမှာလည်း ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ် လိုချင်တယ် ဆိုတဲ့ သတင်းတွေ ကြားရသလို အပစ်ရပ်ထားတဲ့တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအနေနဲ့လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကို ပြန်လည်သုံးသပ် လိုနေကြတယ် လို့ မဟာဗျူဟာ နဲ့ မူဝါဒ လေ့လာရေးအဖွဲ့ က ဒါရိုက်တာ တယောက် ဖြစ်တဲ့ ဦးအောင်သူငြိမ်း က ပြောပါတယ်။

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲဖို့၊ ငြိမ်းချမ်းရေး တကယ်ရဖို့ ဆိုရင် NCA စာချုပ် လက်မှတ်မထိုးရသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေ လည်း ပါဝင်လာနိုင်ရေး အတွက် အစိုးရ က ဆွဲဆောင်စည်းရုံးသင့်တယ်လို့ လည်း သူ က ထောက်ပြပါတယ်။