တဖွဲ့ချင်းအပစ်ရပ်စာချုပ်ကို အခြေခံပြီး နိုင်ငံရေး ပြဿနာကို ဖြေရှင်းသွားဖို့ SSPP/SSA ထုတ်ပြန်

  • 27 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် SSPP/SSA
Image caption ဗဟိုကော်မတီ အစည်းအဝေးကို တက်ရောက်လာတဲ့ SSPP ဥက္ကဌ ဗိုလ်ချုပ်ကြီး ပန်ဖနဲ့ နာယက ဗိုလ်ချုပ်ကြီးဆေထင်

နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး အန်စီအေ လက်မှတ်မထိုးသေးတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ရဲ့ ၆ လပတ် ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေးကို ဌာနချုပ် ဝမ်ဟိုင်းမှာ ဇူလိုင်လ ၉ ရက်နေ့က စတင်ကျင်းပနေရာ မနေ့က ပြီးဆုံးသွားပြီလို့ သိရပါတယ်။

ဥက္ကဌ၊ နာယက နဲ့ ဗဟိုကော်မတီဝင်တွေအပါဝင် စုစုပေါင်း ၂၂၉ ဦးတက်ရောက်တဲ့ အဲဒီအစည်းအဝေးမှာ ၂၀၁၂ ခုနစ်က အစိုးရနဲ့ SSPP/SSA တို့အကြားပြုလုပ်ခဲ့တဲ့ ပြည်ထောင်စု အဆင့် အပစ်အခတ်ရပ်စဲရေးကို အခြေခံပြီး ပြဿနာရပ်တွေကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာကြဖို့ ဗဟိုကော်မတီ အစည်းအဝေးမှာ သဘောတူညီခဲ့ကြပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ပိုမိုအောင်မြင်လာစေဖို့အတွက် အစိုးရ၊ တပ်မတော်တို့နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရေးကို ဦးတည်ကာ ဘဝတူ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး နည်းလမ်းရှာဖွေကာ အရှိန်အဟုန်မြင့် ဆောင်ရွက်သွားမယ်လို့ ဗဟိုကော်မတီ အစည်းအဝေးနဲ့ ပတ်သက်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုင်းရင်းသား မဟာမိတ် အစုအဖွဲ့တွေဖြစ်တဲ့ UWSA 'ဝ' ဦးဆောင်တဲ့ FPNCC ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုကော်မတီနဲ့ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ နှစ်ဖွဲ့စလုံးမှာ ပါဝင်နေတဲ့ SSPP အနေနဲ့ ဘယ်အဖွဲ့နဲ့ သီးသန့် ရပ်တည်မလဲဆိုတာမျိုးကို ဗဟိုကော်မတီ အစည်းအဝေးက ဆုံးဖြတ်ခဲ့တာမျိုး မရှိဘူးလို့လည်း SSPP/SSA ရှမ်းပြည်တပ်မတော်ရဲ့ ပြောခွင့်ရ ဗိုလ်မှူးစိုင်းဘုန်းဟန်က ဘီဘီစီကို ပြောပါတယ်။ ငြိမ်းချမ်းရေးအတွက် ဘယ်အဖွဲ့နဲ့ မဆိုပူးပေါင်းမယ့် မူဝါဒကို ချမှတ်နိုင်ခဲ့တာဖြစ်တယ်လို့ သူက ဆိုပါတယ်။

အစိုးရနဲ့ တပ်မတော်ဘက်ကတော့ အန်စီအေ အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးမှသာ နိုင်ငံရေးဆွေးနွေးခွင့်ပေးတဲ့ မူဝါဒကို လက်ရှိအချိန်အထိ ကိုင်စွဲထားပါတယ်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီကနေ ကေအိုင်အို နှုတ်ထွက်ခဲ့ပြီးနောက် SSPP/SSA ဟာ ယူအန်အက်ဖ်စီမှာ ကျန်ရှိနေတဲ့ တဖွဲ့တည်းသော မြန်မာနိုင်ငံ မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့လည်းဖြစ်ပါတယ်။

အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ UWSA ဝ တပ်ဖွဲ့က ဦးဆောင်ဖွဲ့စည်းထားတဲ့ FPNCC မှာ ကေအိုင်အို ၊ တအာင်းပလောင် TNLA စတဲ့ မြန်မာနိုင်ငံမြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၇) ဖွဲ့ပါဝင်ပေမဲ့ အစိုးရနဲ့ တပ်မတော်တို့က အဲဒီ FPNCC အဖွဲ့ကို တရားဝင်ဆွေးနွေးတာ မရှိသေးပါဘူး။

ရှမ်းပြည်တပ်မတော် SSPP/SSA ကို ၁၉၆၄ ခုနစ်မှာ ဧပြီလ ၂၄ ရက်နေ့မှာ စတင်ထူထောင်ခဲ့တာဖြစ်ပါတယ်။