တပ်နဲ့ သတင်းသမားတွေ အခြေအတင်ဖြစ်ရတဲ့ ကိစ္စတွေ ဆွေးနွေး

  • 27 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption တပ်မတော်ရာထူး အခေါ်အဝေါ်တွေကို တခြားအဖွဲ့တွေ မသုံးစွဲဖို့ တပ်မတော်က ပြောထားတဲ့ ကိစ္စလည်းဆွေးနွေးခဲ့

ပြန်ကြားရေး ဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ သတင်း မီဒီယာ သမားတွေ ဇူလိုင်လ ၂၇ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံပြီး တိုက်ပွဲဖြစ်ရာ ဒေသတွေမှာ သတင်းသမားတွေ သွားရောက် သတင်း ရယူနိုင်ခွင့်၊ သတင်းထောက်တွေ ဖမ်းဆီးခံ ထားရတဲ့ ကိစ္စတွေ အပါအဝင် သတင်းအချက်အလက် ရယူနိုင်ရေး ကိစ္စတွေကို ဆွေးနွေး ခဲ့ကြပါတယ်။

ဆက်သွယ်ရေး ပုဒ်မ ၆၆ ဃ ၊ မတရားသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)စတာတွေနဲ့ သတင်းထောက်တွေ ဖမ်းဆီး ခံထားရတဲ့ အမှုတွေမှာ တပ်မတော် ဖက်က တရားရုံးကို ဖိအား ပေးတာတွေ မရှိဘူးလို့ ဆွေးနွေးပွဲ တက်ရောက်လာတဲ့ တပ်မတော်ကိုယ်စားလှယ် တွေက ပြောပါတယ်။

ပုဒ်မ ၁၇ (၁)ဆိုတာက ဘယ်လို အခြေအနေ မျိုးမှာ အကြုံးဝင်လဲ၊ ဘယ်အဖွဲ့အစည်းတွေနဲ့ တွေ့ရင် ဒီပုဒ်မနဲ့ ငြိစွန်းလဲ ဆိုတာ ဆိုတာ သတင်းသမား တွေက တပ်မတော် ဖက်ကို မေးမြန်း ခဲ့ကြတယ်လို့ သတင်းမီဒီယာ ကောင်စီအတွင်းရေးမှူး ဦးသီဟစောက ပြောပါတယ်။

တပ်မတော်ဖက် ကတော့ ဒါဟာ ဥပဒေအတိုင်းပဲ ဖြစ်ရမယ်၊ မတရားသင်း ကြေညာခံ ထားရတဲ့ အဖွဲ့အစည်းနဲ့ ဆက်သွယ်တယ်၊ အဲဒီ အဖွဲ့ကို အားပေးအားမြှောက်ပြုတယ် ဆိုရင် ဒီပုဒ်မနဲ့ ငြိစွန်းတယ်လို့ပြောကြောင်း သူကဆိုပါတယ်။

တပ်မတော်အနေနဲ့ ဆတ်ဆတ်ထိမခံ မဖြစ်သင့်ဘူးလို့ သတင်းသမားတွေက ပြောခဲ့တာကိုလည်း သူတို့က အဲဒီလို မဖြစ်ကြောင်းနဲ့ ကိစ္စရပ်တွေကို အသေအချာ စုံစမ်း စောင့်ကြည့်ပြီးမှ လုပ်သင့်တာတွေကို လုပ်ဆောင်ခဲ့တာလို့ ပြောကြောင်း ဦးသီဟစောက ပြောပါတယ်။

တပ်မတော် ရာထူး အခေါ်အဝေါ်တွေကို တခြား အဖွဲ့တွေက မသုံးကြဖို့ မကြာသေးခင်ကပဲ တပ်မတော်ဖက်က ပြောခဲ့တာနဲ့ ပတ်သက်လို့ သတင်းထောက်တွေ မေးမြန်းခဲ့တာကိုတော့ တပ်မတော် ဥပဒေတွေ အရ ပြည်သူ့စစ်တွေနဲ့ တခြား လက်နက်ကိုင် အဖွဲ့တွေက မသုံးသင့်ဘူးလို့ ပြောကြောင်း သူကပြန်ပြော ပါတယ်။

ဒါပေမဲ့ ဒီလို သုံးနှုန်းရင် အရေးယူမယ်ဆိုတာကိုတော့ မပြောခဲ့ဘူးလို့ ဆိုပါတယ်။

ပြန်ကြားရေး ဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲမှာ တပ်မတော်၊ သတင်းမီဒီယာ ကောင်စီ နဲ့ သတင်းမီဒီယာ အဖွဲ့အစည်းတွေက ကိုယ်စားလည်တွေ၊ ပြန်ကြားရေး ဝန်ကြီးဒေါက်တာဖေမြင့်၊ ကာကွယ်ရေး ဒုတိယဝန်ကြီးနဲ့ သတင်းမှန် ပြန်ကြားရေး အဖွဲ့က ဗိုလ်ချုပ် အောင်ရဲဝင်းတို့ တက်ရောက်ခဲ့ကြ ပါတယ်။