H1N1 တုပ်ကွေး ဘယ်လို ကာကွယ်မလဲ

  • 27 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် LYNN BO BO
Image caption ရန်ကုန်က H1N1 တုပ်ကွေး ကာကွယ်ဖို့ နှာခေါင်းစည်းတပ်ထားသူတွေ

ရန်ကုန်မြို့ အပါအဝင် နယ်မြို့တချို့မှာ H1N1 ဗိုင်းရပ်စ် တုပ်ကွေးရောဂါကြောင့် ဇူလိုင်လ ၂ရ ရက်နေ့အထိ သေဆုံးသူ (၆)ဦးရှိနေပြီး ကူးစက်ခံရသူ (၃၀)ဦးအထိ ရှိလာနေပြီ ဖြစ်ပါတယ်။

H1N1 ဗိုင်းရပ်စ်ပိုး ကူးစက်ခံရထားရတဲ့ လူနာတွေထဲက အသက်(၅)နှစ်အရွယ် မိန်းကလေး (၂)ဦး (၃၄)နှစ်အရွယ် အမျိုးသား (၁)ဦး စုစုပေါင်း (၃)ဦး ထပ်မံ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

H1N1 ဟာ တုပ်ကွေးဗိုင်းရပ်စ်ပိုးတမျိုးဖြစ်ပြီး ဖြစ်စမှာ ရိုးရိုးတုပ်ကွေးလို အအေးမိ နှာစေး၊ချောင်းဆို ကိုယ်လက်ကိုက်ခဲတာတွေဖြစ်တတ်တယ်လို့ ကလေးအထူးကုဆရာဝန်ကြီး အငြိမ်းစားပါမောက္ခ ဒေါက်တာစောဝင်းက ပြောပါတယ်။

အထူးသဖြင့် ၅ နှစ်အောက်ကလေးတွေ အသက် ၆၅ နှစ်ကျော် လူကြီးတွေ ၊ ဆီးချိုရောဂါဖြစ်နေသူတွေ ၊ ကိုယ်ခံအားချို့တဲ့သူတွေ၊ မွေးရာပါနှလုံးရောဂါရှိသူတွေမှာ ဒီဗိုင်းရပ်စ်ပိုး ကူးစက်ခံရရင် နောက်ဆက်တွဲအနေနဲ့ ဘက်တီရီးယားကြောင့် အဆုပ်အအေးမိရောဂါဖြစ်ပြီး အသက်ဆုံးရှုံးနိုင်တယ်လို့ ပြောပါတယ်။

H1N1 ဟာ မျိုးဗီဇပြောင်းလဲပြီး ကပ်ရောဂါအသွင်နဲ့ ပြင်းထန် အဆုပ်အအေးမိရောဂါ ဖြစ်ပွားကူးစက်လာနိုင်တာကြောင့် ကျန်းမာရေးဝန်ကြီးဌာနက စောင့်ကြည့်လေ့လာမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

ဒီရောဂါပိုးဟာ နှာချေတာ ချောင်းဆိုးတာတွေကြောင့် ပြန့်လာတဲ့ အမှုန်အမွှားကနေ တဆင့် တဦးကနေ တဦးကို ကူးစက်နိုင်သလို အဲဒီအမှုန်အမွှားတွေ ထိကိုင်မိတဲ့ လက်ကတဆင့်လည်း ကူးစက်နိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကူးစက်မှုက ကာကွယ်ဖို့ဆိုရင် ချောင်းဆိုး နှာချေရင် လက်ကိုင်ပုဝါနဲ့ အုပ်ဆိုးပါ ၊ နှာခေါင်းစည်းတွေ တပ်ပါ၊ လက်ကိုမကြာခဏ ဆေးကြောပါ၊ လူစုလူဝေးများတဲ့ နေရာကို ရှောင်ပါလို့ ပါမောက္ခဦးစောဝင်းက ပြောပါတယ်။

နောက်ပြီး တုပ်ကွေးကာကွယ်ဆေးကို ထိုးပြီးကာကွယ်နိုင်တဲ့အတွက် အထူးသဖြင့် ရောဂါပြင်းပြင်းထန်ထန်ဖြစ်နိုင်တဲ့ လူတွေမှာ ထိုးထားဖို့ လိုတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် လောလောဆယ် တုပ်ကွေးရောဂါကာကွယ်ဆေးတွေ ပြတ်လပ်နေတယ်လို့ သိရပါတယ်။

ဒီမှာ ဖြစ်နေတဲ့ H1N1ဗိုင်းရပ်စ် ပိုးမျိုးစိတ်ကို ဂျပန်ကို ပို့ထားပြီး ရောဂါကာကွယ်ဆေးရဖို့ ဆောင်ရွက်နေတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကူးစက်ရောဂါ ကာကွယ်ရေးဌာန ဒုတိယ ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောပါတယ်။

အစိုးရဘက်ကတော့ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO ကို ငွေကြေးနဲ့ ဆေးဝါးအကူအညီတွေ တောင်းခံထားတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ရန်ကုန်ထဲက သင်္ကကျွန်း စမ်းချောင်းမြို့နယ်တွေမှာ ကူးစက်ခံရသူတွေ ရှိနေပြီး တခြား ပြည် ပဲခူး ဖျာပုံ ပုသိမ် ညောင်တုန်း စတဲ့ မြို့နယ်တွေမှာလည်း ကူးစက်ခံရသူရှိနေပါတယ်။