မြောက်ဥက္ကလာဆေးရုံကြီးက ဆရာဝန်တဦး H1N1 ကူးစက်ခံရ

  • 28 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ယခုနောက်ဆုံးအချိန်အထိ သတင်းရရှိချက်အရ H1N1 ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ခြောက်ဦးအထိ ရှိနေပြီး ကူးစက်ခံရသူ ၃၀ ကျော် ရှိနေ

ရန်ကုန်မြို့ မြောက်ဥက္ကလာဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေပြီး ဘွဲ့လွန်ပညာ ဆည်းပူးနေတဲ့ ဆရာဝန်တဦး H1N1 ကူးစက်ခံနေရပါတယ်။

အခုလို ကူးစက်ခံရတဲ့ အကြောင်းကို ဇူလိုင်လ ၂၈ ရက်နေ့ မနက်ပိုင်းမှ တွေ့ရှိခဲ့တာ ဖြစ်ပြီး သုံးရက်လောက် ဖျားအပြီးမှာ ဇူလိုင်လ ၂၇ ရက်နေ့ကမှ ဆေးရုံတင်ထားခဲ့တာဖြစ်တယ်လို့ အခုလို ကူးစက်ခံရတဲ့ ဆရာဝန်ရဲ့ အမျိုးသမီးဖြစ်သူက ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အခုလို ကူးစက်တုပ်ကွေးရောဂါတွေ ပျံ့နှံ့လာ အပြီးမှာ ကျန်းမာရေးဝန်ထမ်းတဦးအနေနဲ့ ပထမဆုံး ဒီရောဂါ ကူးစက်ခံရတာ ဖြစ်ပါတယ်။

ဒီရောဂါနဲ့ ပတ်သက်ပြီး မြောက်ဥက္ကလာ ဆေးရုံကြီးက ပြင်ဆင်မှုတွေ လုံလောက်မှုမရှိခဲ့ဘူးလို့ ဒီဆေးရုံမှာပဲ ဘွဲ့လွန် ပညာသင် အနေနဲ့ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်တဦးက ဘီဘီစီကို ပြောပါတယ်။

အခုတော့ မြောက်ဥက္ကလာဆေးရုံကြီး အပါအဝင် တခြားဆေးရုံတွေအတွက်လည်း နှာခေါင်းစည်းတွေ သိန်းနဲ့ချီပြီး ဖြန့်ဝေဖို့ အစီအစဉ်ရှိတယ်လို့ သိရကြောင်း သူက ပြောပါတယ်။

ရန်ကုန်မြို့က ဆရာဝန်တဦးဖြစ်တဲ့ ဒေါက်တာတင်မင်းထွန်းကတော့ အခုနောက်ဆုံး ကူးစက်ခံရတဲ့ ဆရာဝန်အပါအဝင် ကူးစက်ခံရသူတွေရဲ့ အနီးအနား ပတ်ဝန်းကျင်မှာ ရောဂါ ပျံ့ပွားမှု မရှိအောင် ကာကွယ်မှု အားနည်းတဲ့အတွက် H1N1 နဲ့ ပတ်သက်လို့ အစိုးရရဲ့ ကိုင်တွယ်ပုံက လုံလောက်မှုမရှိပဲ ဖြစ်နေတယ်လို့ ဘီဘီစီကို ပြောပါတယ်။

မြောက်ဥက္ကလာ ဆေးရုံကြီးဟာ ဆေးတက္ကသိုလ်(၂)အနီးမှာ တည်ရှိပြီး ဒီတက္ကသိုလ်ရဲ့ သင်ကြားရေးဆေးရုံလည်းဖြစ်တဲ့အတွက် အခုလို ဆရာဝန်တဦး ရောဂါ ကူးစက်ခံရပြီး နောက်ပိုင်း ဆေးရုံတွင်း သင်ကြားမှုတွေ ရပ်တန့်ထားတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။

မြန်မာနိုင်ငံမှာ အခုလို ဝက်တုပ်ကွေးဖြစ်ပွားနေပေမယ့် လောလောဆယ် အိမ်းနီးချင်းနိုင်ငံတွေကို တိုက်ရိုက် ကူးစက်ပျံ့နှံ့သွားမှာ မဟုတ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ တာဝန်ရှိသူ တဦးဖြစ်တဲ့ မစ္စတာ ဂရက်ကိုရီဟန့်ကို ဘီဘီစီ ကို ပြောပါတယ်။

ဗိုင်းရပ်စ်ပိုးဟာ နေရာဒေသမရွေး လူမျိူးဘာသာမရွေး ကူးစက်ပြန့်နှံ့ နိုင်ပြီး H1N1 ကြောင့် နှစ်စဉ် သေဆုံးသူဦးရေက နှစ်သိန်းငါးသောင်းကနေ ငါးသိန်းအထိ ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မစ္စတာ ဂရက်ကိုရီဟန့်က ပြောပါတယ်။

ဒါပေမယ့် ဒီရောဂါပိုးမွှားတွေကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ ရှိတဲ့အတွက် စိုးရိမ်မှု မလွန်ကဲဖို့ သူက ဘီဘီစီကို ပြောခဲ့သည်။

ဒီရောဂါဖြစ်ပွားတဲ့နေရာတွေမှာ ကာကွယ်ဆေး ထိုးပေးနိုင်ဖို့အတွက် အရေးတကြီးလိုအပ်တဲ့ နေရာမှာ အဲဒီကာကွယ်ဆေးတွေ အလုံအလောက်ရှိဖို့လိုတယ်လို့လည်း မစ္စတာ ဂရက်ကိုရီဟတ်က ပြောဆိုထားပါတယ်။

H1N1 ဗိုင်းရပ်စ် ကူးစက်ရောဂါဟာ ချင်းပြည်နယ်မှာ စဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ ရန်ကုန်၊ ပဲခူးနဲ့ ဧရာဝတီတိုင်းတို့မှာပါ ရောဂါ ကူးစက်မှုတွေ ရှိလာခဲ့တာ ဖြစ်ပြီး ဒီရောဂါ ကူးစက်ခံရသူ ၃၀ ကျော်သွားပြီ ဖြစ်ပါတယ်။

ဇူလိုင် ၂၇ ရက်နေ့အထိ H1N1 ဗိုင်းရပ်စ် ကြောင့် သေဆုံးသူ ခြောက်ဦးအထိ ရှိနေပြီလို့ အစိုးရက ကြေငြာထားပြီး ဒီရောဂါပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကို အစိုးရက အကူအညီတောင်းခံ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ