မန္တလေးက လယ်သိမ်းခံ တောင်သူ သပိတ်စခန်း ဖြိုခွင်းခံရ

  • 28 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် Ko Naing Ye Wai
Image caption ဖြိုခွဲမခံရခင် တွေ့ရတဲ့ တောင်သူတွေရဲ့ သပိတ်စခန်း

မန္တလေး နန်းရှေ့ ၆၂ လမ်းမကြီးဘေး ၂၄လမ်းနဲ့ ၂၅လမ်းကြားမှာ ဖွင့်ထားတဲ့ မန္တလေး တိုင်း ၁၂ မြို့နယ်က လယ်သိမ်းခံ တောင်သူတွေ ရဲ့ ရက်ရှည် သပိတ် စခန်းကို ဇူလိုင်လ ၂၇ ရက်နေ့ ညက ရဲအင်အား အလုံးအရင်းနဲ့ ဖြိုခွဲ ခဲ့ပါတယ်။

သပိတ်စခန်း မှာရှိသူ အမျိုးသမီး လေးယောက်နဲ့ အမျိုးသား ရှစ်ယောက်၊ စုစုပေါင်း ၁၂ ယောက် စလုံးကို ဖမ်းဆီးသွားခဲ့ပြီး ၁၀ ယောက်ကို နောက်တစ်နေ့မှာ ပြန်လွှတ် ပေးလိုက်ပါတယ်။

သပိတ်စခန်းမှာ ဖမ်းသွားခဲ့တဲ့ ကိုမောင်စိုးနဲ့ ကိုစိုးလွင် ဆိုသူ နှစ်ယောက်နဲ့ စခန်းမှာ ရှိမနေတဲ့ သပိတ် ခေါင်းဆောင်တွေ အပါအဝင် စုစုပေါင်း ၁၁ ယောက်ကို ငြိမ်းချမ်းစွာ စုဝေးခွင့် ဆိုင်ရာ ပုဒ်မ ၁၉၊ ပုဒ်မ ၂၀ တို့နဲ့ အမှုဖွင့်ထား ပါတယ်။

အဲဒီလူတွေ အားလုံးကို အာမခံနဲ့ ပြန်လွှတ် ပေးထားတယ်လို့ အမှုဖွင့် ခံရသူတွေထဲမှာ ပါတဲ့ မတ္တရာ မြို့နယ်က လယ်မြေ ၉ ဧကခွဲ သိမ်းဆည်းခံ ထားရသူ ဦးသန်းလွင်က ပြောပါတယ်၊

သပိတ်စန်းကို ၁၂ နာရီ အတွင်း ဖျက်သိမ်းပေးဖို့ အဲဒီ ဖြိုခွင်းခဲ့တဲ့ နေ့ကပဲ သက်ဆိုင်ရာ အာဏာပိုင်တွေက အကြောင်း ကြားခဲ့ရာမှာ လယ်သမား တွေက သူတို့ ခွင့်ပြုချက် တောင်းခံပြီး သပိတ်စခန်း ဖွင့်တာ ဖြစ်လို့ သူတို့ တောင်းဆိုထားတဲ့ နှစ်ချက်ထဲက တစ်ချက် ရရင် ဖျက်သိမ်း ပေးမယ်လို့ ပြန်ပြော ခဲ့ကြောင်း လည်း ဦးသန်းလွင်က ပြောပါတယ်။

လယ်သိမ်းခံ တောင်သူတွေက အချက် နှစ်ချက်ကို တောင်းဆိုထားတာဖြစ်ပါတယ်။

အဲဒါတွေက သူတို့ မြေယာမှုခင်း ဖြစ်နေချိန်မှာ တောင်သူတွေကို စွဲထားတဲ့ အမှုတွေကို ပိတ်သိမ်းဖို့နဲ့ မြေယာ ပြဿနာကို မှန်မှန်ကန်ကန် ဖြေရှင်း ပေးဖို့တို့ ဖြစ်ပြီး တစ်ချက်ကိုမှ အာဏာပိုင်တွေဘက်က မလိုက်လျော ခဲ့ဘူးလို့ သူက ပြောပါတယ်။