မြောက်ကိုရီးယား တာဝေးပစ်ဒုံး ထပ်စမ်းသပ်

  • 29 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် KCNA
Image caption မြောက်ကိုရီးယားက တိုက်ချင်ပစ်ဒုံး ဇူလိုင်လအတွင်း ဒုတိယအကြိမ် ပစ်လွှတ်

မြောက်ကိုရီးယားတို့က ဒုတိယအကြိမ် တိုက်ချင်းပစ် ဒုံးလက်နက် စမ်းသပ်ပစ်လွှတ်မှု သစ်တခု ထပ်လုပ်ခဲ့တယ်လို့ တောင်ကိုးရီးယားနဲ့ ပင်တာဂွန် အမေရိကန်စစ်ဌာနချုပ်တို့က ပြောပါတယ်။

လွန်ခဲ့တဲ့ သုံးပတ်ကလည်း တိုက်ချင်းပစ် ဒုံးလက်နက် စမ်းသပ် ပစ်လွှတ် ခဲ့ဘူးပါတယ်။

အခုဒုံးလက်နက်ဟာ ၄၅ မိနစ်အတွင်း မိုင် တထောင်ရှစ်ရာကျော် အကွာအဝေးက ဂျပန် ကမ်းခြေနဲ့ မိုင် ၆၀၀ ကျော် အကွာ ကမ်းလွန် ပင်လယ်ပြင်ကို ကျရောက်ခဲ့တယ်လို့ ဂျပန်သတင်းဌာန NHK က ဖေါ်ပြခဲ့ပါတယ်။

အခုတကြိမ် ဒုံးလက်နက်ဟာ အရင်ပစ်လွှတ်ခဲ့တဲ့ ဒုံးလက်နက်ထက် ပိုမြင့်မြင့် နဲ့ ဝေးဝေး ပစ်လွှတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါဟာ အရင်တခါထက် ပိုအားကောင်းတာကြောင့် မြောက်ကိုရီးယားတို့ ရဲ့ လက်နက်ထုတ်လုပ်မှုဟာ အတော်လေးတိုးတက်လာနေတဲ့ သဘောလို့ ခန့်မှန်းနေကြပါတယ်။

အခုတကြိမ် စမ်းသပ်မှုကို နိုင်ငံအတော်များများက ရှုတ်ချခဲ့ကြပါတယ်။

အခုစမ်းသပ်မှုဟာ ကုလသမဂ္ဂရဲ့ ဒဏ်ခတ် အရေးယူမှုကို အာခံတဲ့ သဘောနဲ့ လုပ်နေတဲ့ မြောက်ကိုရီးယားတို့ရဲ့ ၂၀၁၇ ခုနှစ်အတွင်း ၁၄ကြိမ်မြောက် ဒုံးလက်နက်ပစ်လွှတ်စမ်းသပ်မှုဖြစ်ပါတယ်။

အခု ဒုံးလက်နက်ကို မြောက်ကိုးရီးယားနိုင်ငံ မြောက်ပိုင်း ဂျဂမ်ပြည်နယ်ကနေ ဒေသအချိန် ည ၁၁ နာရိ ၄၁ မိနစ်မှာ ပစ်လွှတ်ခဲ့တာလို့ တောင်ကိုရီးယား သတင်းဌာနက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု ကာလီဖိုနီးယားပြည်နယ် မစ်ဒယ်ဘရီး နိုင်ငံတကာလေ့လာမှုဆိုင်ရာ အဖွဲ့ က နျူကလီးယားလက်နက်ဆိုင်ရာကျွမ်းကျင်သူ ဂျက်ဖရီ လူဝစ်က အခုပစ်လွှတ်ခဲ့တဲ့ ဒုံးလက်နက်ဟာ မိုင်ပေါင်း ၆ ထောင်ကျော်အကွာလောက်ကို ရောက်နိုင်တယ်လို့ ပြောပါတယ်။

ဒါဟာ အမေရိကန်ပြည်ထောင်စုရဲ့ အနောက်ဘက် ကမ်းခြေထိရောက်အောင် ပစ်နိုင်တယ် ဆိုတဲ့ သဘောပါပဲ။

အရင်တကြိမ် တိုက်ချင်းပစ် ဒုံးလက်နက် ပစ်လွှတ်စမ်းသပ်ခဲ့ပြီး သိပ်မကြာခင် အခုလို ထပ်ပြီး လုပ်လာတာဟာ မိမိတို့နိုင်ငံရဲ့ လုံခြုံရေးကို တကယ် ပဲ ပြင်းပြင်းထန်ထန် ခြိမ်းခြောက်လာနေပြီဆိုတာ ပြခဲ့တာ ဖြစ်တယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကပြောခဲ့ပါတယ်။

ဒီလို မြောက်ကိုရီးယားက ဆက်လုပ်နေမယ်ဆိုရင် တောင်ကိုရီးယား၊ အမေရိကန် တရုတ် ၊ရုရှားနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတခုလုံး နီးနီးကပ်ကပ်ပူးပေါင်းပြီး ဖိအားတွေ ပိုပေးဖို့လိုနေပြီလို့ ဂျပန်ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ