ဗလီဆောက်တာ မဟုတ်ဘူးလို့ ဖျက်ခံရတဲ့ အိမ်ရှင်ပြော

  • 29 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် Ko Wai Lwin Oo Faecbook
Image caption ကိုဟန်မင်းဦးနဲ့ ဇနီးသည်တို့ စုဆောင်းငွေနဲ့ အိမ်ကို ဆောက်နေခဲ့တာ ဖြစ်

ကျောက်ပန်းတောင်းမြို့မှာ အဖျက်ခံလိုက်ရတဲ့ ဆောက်လက်စ အိမ်ရဲ့ ပိုင်ရှင် ကိုဟန်မင်းဦးက သူ့အိမ်မှာ အစ္စလာမ် ဘာသာရေးဝတ်ကျောင်းနဲ့ တူတာ တစ်ခုမှ မရှိကြောင်းပြောပါတယ်။ သူကိုယ်တိုင်ကလည်း မိရိုးဖလာဗုဒ္ဓဘာသာဝင်ဖြစ်ပြီး အိမ်နီးချင်းတွေနဲ့ ပတ်ဝန်းကျင်ကလည်း သူ့အကြောင်းသိပါတယ်လို့ ဘီဘီစီနဲ့ မေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။

ဒီနှစ်ဆန်းမှာ မြေကွက်ဝယ်ယူပြီး သူ ဆောက်လုပ်နေတဲ့ ကျောက်ပန်းတောင်း မြို့နယ် သာယာအေးရပ်ကွက်က အိမ်ဟာ ဗလီ ဝတ်ကျောင်း တစ်ခုအဖြစ် တိတ်တဆိတ် ဆောက်လုပ် နေတာဖြစ်တယ်ဆိုတဲ့ ကောလဟလတွေ ထွက်ခဲ့ပြီးတဲ့နောက်မှာ ဇူလိုင်လ ၂၇ ရက် ကြာသပတေးနေ့ညက လူအုပ်ကြီးက ဝိုင်းလာပြီး အိမ်ကို ဖျက်ပေးဖို့ ဝိုင်းတောင်းဆိုလို့ အာဏာပိုင်တွေက ဘူဒိုဇာနဲ့ ထိုးပြီး ဖျက်လိုက်တဲ့ ဖြစ်ရပ် ဖြစ်ခဲ့ပါတယ်။

ဗီဒီယို ရိုက်ကူးရေးလုပ်ငန်းလုပ်ကိုင်သူ ကိုဟန်မင်းဦးကတော့ အဲဒီအချိန်မှာ ကျောက်ပန်းတောင်းမြို့မှာ မရှိပဲ နယ်ဖက်မှာ ရိုက်ကူးရေး လုပ်ငန်း သွားလုပ် နေချိန်ဖြစ်ပါတယ်။

ဘီဘီစီက ဆက်သွယ်မေးမြန်းနိုင်ခဲ့တဲ့ ကျောက်ပန်းတောင်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ်တွေ ကတော့ အိမ်ဟာ မြို့နယ်စည်ပင်သာယာမှာ ခွင့်ပြုချက် ရယူဆောက်လုပ်တာ မဟုတ်ဘူး ဆိုတာ သိထားပြီး တခြား ကောလဟလတွေ မှန်မမှန် မစိစစ်နိုင်ချိန်မှာ လူအုပ်ကြီးက ဝိုင်းတောင်းဆိုမှု တွေကြောင့် မတည်မငြိမ် ဖြစ်လာမှာကို စိုးရိမ်ပြီး တောင်းဆိုချက် တွေကို လိုက်လျောပြီး ဖျက်ပေးလိုက်တာ ဖြစ်တယ်လို့ သိရတဲ့ အကြောင်း ပြောပြ ကြပါတယ်။

ကိုဟန်မင်းဦးကတော့ စည်ပင်သာယာရေးရုံးမှာ အိမ်ဆောက်လုပ်ခွင့် မတောင်းခံမိ ခဲ့တာကို ဝန်ခံပါတယ်။ ဒါပေမယ့် သူတို့ အရပ်မှာ ဘယ်သူမှ ကြိုတင်ခွင့်ပြုချက် တောင်းတယ် ဆိုတာ မကြားမိ မသိမိလို့ သူလည်း မတောင်းခံမိခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

သူ့အိမ်ကို လုပ်ငန်းအတွက် အဆင်ပြေအောင် စတူရီယိုအဖြစ် ဆောက်လုပ် နေခြင်းဖြစ်ပြီး၊ ဆိုင်းဝိုင်း တီးဝိုင်းများတင်နိုင်တဲ့ အလေးချိန်ခံနိုင်အောင် အောက်မှာ ကွန်ကရိတိုင်တွေ ဆောက်လုပ်ဖို့ တူးထားတဲ့ တွင်းတွေကို ခြေဆေးကန်တွေအဖြစ် အထင်မှား ဝါဒဖြန့်ခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Ko Wai Lwin Oo Faecbook
Image caption သူတို့ဟာ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပါတယ်လို့ ဆို

ညဖက်တွေမှ ဆောက်လုပ်ရေး လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်ကိုလည်း ညပိုင်း လျှပ်စစ်ဓာတ်အား အပြည့်ရချိန်တွင်မှ သံပန်းတပ်ဆင်ခြင်း လုပ်ငန်းကို လုပ်ရခြင်း ဖြစ်ပြီး ရက်ပိုင်း ခန့်သာ လုပ်ခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

သူ့ ဖခင်ကိုယ်တိုင်ကလည်း သာယာအေးရပ်ကွက်မှာ နေထိုင်နေသူ ဖြစ်ပြီး ရပ်ကွက်ကလည်း သိထားကြတယ်လို့ ဆိုပါတယ်။

အခု သူ့အိမ် ဖျက်ခံခဲ့ရပြီးတဲ့နောက် အာဏာပိုင်တွေနဲ့ တွေ့ဆုံခဲ့တဲ့အခါ အမှုမှန် အဖြစ်မှန် ပေါ်ပေါက်အောင် ဖော်ထုတ်အရေးယူပေးပါမယ်လို့ သူ့ကို ပြောခဲ့တယ်လို့ ဆိုပါတယ်။

ကိုဟန်မင်းဦးကတော့ သူဟာ ဗုဒ္ဓဘာသာဝင် တစ်ဦး ဖြစ်ပါလျက် ဘာသာခြားလို့ စွပ်စွဲခံရတာကို ဝမ်းနည်းမိကြောင်းနဲ့ သူ့ ချွေးနည်းစာ စုဆောင်းငွေတွေနဲ့ ဆောက်လုပ်နေတဲ့ အိမ်လုံးဝ ပျက်စီးသွားတဲ့ အတွက် တာဝန်ရှိသူတွေ ဘယ်လို တာဝန်ခံ ဆောင်ရွက်ပေးမလဲ ဆိုတာ သိချင်ပါတယ်လို့ ပြောခဲ့ပါတယ်။