ရန်ကုန်မှာ H5N1 ရောဂါကြောင့်လို့ မသင်္ကာစရာ ကြက်သေဆုံးမှုရှိ

  • 29 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် ShweInnThar KhinMgWin
Image caption ၃၆ နာရီအတွင်း အဖြေသိရမယ်လို့ မရမ်းကုန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောလွင်က ဘီဘီစီကို ပြော

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အမှတ် (၆) ရပ်ကွက်က နေအိမ်တအိမ်မှာရှိတဲ့ ကြက် သုံးကောင် သေဆုံးမှုနဲ့ ပတ်သက်လို့ ကြက်ငှက်တုပ်ကွေးရောဂါ H5N1 ပိုးကြောင့် ဟုတ်မဟုတ် စစ်ဆေးနေပြီး ဒီအိမ်က ကြက်တွေ အကုန်လုံးကို သုတ်သင် ရှင်းလင်း ခဲ့ရပါတယ်။

အခုလို သေဆုံးခဲ့တဲ့ ကြက်တွေကို အင်းစိန်မြို့နယ်က တိရစ္ဆာန် မွေးမြူရေးနဲ့ ကုသရေးဌာနက စစ်ဆေးဆဲ ဖြစ်ပြီး ၃၆ နာရီအတွင်း အဖြေသိရမယ်လို့ မရမ်းကုန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောလွင်က ဘီဘီစီကို ပြောပါတယ်။

အခုလို ဖြစ်ပွားရာ နေအိမ်နဲ့ အနီးတဝိုက်ကို ပိုးသတ်ဆေးဖြန်းတာတွေ ပြုလုပ်ခဲ့ပြီး ရပ်ကွက်အတွင်းနေထိုင်သူတွေ အတွက်လည်း ရောဂါကာကွယ်ရေး နှာခေါင်းစည်း ဖြန့်ဝေတာတွေလည်း ပြုလုပ်ခဲ့သလို ဖျားနာသူတွေ စတွေ့လာရင်လည်း ဆေးရုံမှာ စစ်ဆေးကုသဖို့ အဆင်သင့်ပြင်ထားတယ်လို့ ဦးစောလွင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့က ဖြစ်ခဲ့တဲ့ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်က ကြက်တွေ သေဆုံးမှုမှာတော့ H5N1 အမျိုးအစား ကြက်ငှက်တုပ်ကွေးကြောင့်လို့ အတည်ပြုနိုင်ခဲ့တဲ့အတွက် ထားဝယ်မြို့မှာ ဇူလိုင်လ ၂၃ ရက်နေ့က စပြီး ကြက်ဥ၊ ကြက်သား ရောင်းချခွင့် ပိတ်ပင်ထားခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ထားဝယ်သာမက မြိတ်မြို့မှာ ရှိတဲ့ ကြက်ခြံတွေမှာလည်း ကာကွယ်ရေး အစီအမံတွေ လုပ်ဆောင်ခဲ့ပြီး ဇူလိုင်လ ၂၉ ရက်နေ့ကနေ သြဂုတ်လ ၁၂ ရက်နေ့အထိ ၁၅ ရက်ကြာ ကြက်ဥ၊ ကြက်သား ရောင်းချခွင့် ပိတ်ပင်ဖို့ မြိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီက အမိန့်ထုတ်ထားခဲ့ပါတယ်။

လောလောဆယ်မှာတော့ ထားဝယ်မြို့နယ်က စာသင်ကျောင်းတချို့ကို ငါးရက်ကြာ ပိတ်ထားပြီး ရောဂါတွေ့ရှိတဲ့ ကြက်ခြံအနီးမှာ နေထိုင်တဲ့ ကလေးငယ်တဦးကို ရောဂါဖြစ်ပွားခြင်း ရှိမရှိ စစ်ဆေးနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ