H1N1တုပ်ကွေးရောဂါကြောင့်သေဆုံးသူ ၁၀ ဦးထက်မနည်းရှိပြီ

  • 30 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် ShweInnThar KhinMgWin
Image caption လောလောဆယ် H1N1ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူတွေကို တွေ့ရှိရတဲ့ ဒေသတွေကတော့ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ တနင်္သာရီတိုင်းဒေသကြီးတွေနဲ့ နေပြည်တော်တို့ ဖြစ်ပါတယ်

မြန်မာနိုင်ငံမှာ H1N1ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ တုပ်ကွေး ရောဂါကြောင့် အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၂ ဦး ဒီကနေ့ ထပ်မံသေဆုံးခဲ့တဲ့ အတွက် ဒီရောဂါကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်း ရှိသွားပြီ ဖြစ်ပါတယ်။

လောလောဆယ်မှာ ဒီရောဂါ ကူးစက်ခံရသူကလည်း စုစုပေါင်း ၅၁ ဦး ရှိသွားပြီ ဖြစ်ပြီး ဒီရောဂါ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဋ္ဌာနနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO တို့ ဇူလိုင်လ ၃၀ ရက်နေ့က ရန်ကုန်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံက ဒီရောဂါ ကူးစက်ခံရတဲ့ နှုန်းနဲ့ သေဆုံးသူ အရေအတွက်ဟာ အိမ်နီးချင်းနိုင်ငံတွေမှာ ဖြစ်ခဲ့တာနဲ့ ယှဉ်ရင် အများကြီး နည်းနေသေးပေမယ့် ကာကွယ်ရေးလုပ်ဆောင်မှုတွေ လုပ်နေဖို့ လိုအပ်ပြီး WHO ဘက်ကလည်း ဒီရောဂါကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ နည်းပညာ အကူအညီနဲ့ အကြံဉာဏ်ပေးတာတွေ လုပ်နေကြောင်း ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ WHO မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် ဒေါက်တာ စတီဗင် ပို့စ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ တွေ့ရတဲ့ H1N1ပိုးအမျိုးအစားနဲ့ ထိုင်းနိုင်ငံက H1N1ပိုးအမျိုးအစားတို့ တူညီနိုင်တဲ့အတွက် လောလောဆယ်မှာ ထိုင်းနိုင်ငံက ရရှိထားတဲ့ ကာကွယ်ဆေး အရေအတွက် သုံးထောင်လောက်ကို ရောဂါတွေ့ရတဲ့ ဒေသတွေမှာပဲ ပေးဖို့ထားနိုင်ပြီး မြန်မာနိုင်ငံအတွင်းမှာ တွေ့ရတဲ့ H1N1ပိုးကိုတော့ ပိုပြီး ထိရောက်တဲ့ ကာကွယ်ရေး သိရှိနိုင်ရေး စစ်ဆေးဖို့အတွက် ဂျပန်နိုင်ငံကို ပို့ထားတယ်လို့ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်က ပြောပါတယ်။

လောလောဆယ် H1N1ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူတွေကို တွေ့ရှိထားတဲ့ ဒေသတွေကတော့ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ တနင်္သာရီတိုင်းဒေသကြီးတွေနဲ့ နေပြည်တော်တို့ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ