H1N1 တုပ်ကွေးကြောင့် သေဆုံးသူ ၁၂ ဦး ရှိပြီ

  • 31 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် Shwe Innthar Khin Maung Win
Image caption H1N1 တုပ်ကွေးရန်ကုန်တိုင်းမှာ သေဆုံးသူ အများဆုံး

ဇူလိုင်လ ၃၁ ရက်နေ့မှာ H1N1 တုပ်ကွေးကြောင့် နောက်ထပ် နှစ်ဦး သေဆုံးခဲ့တဲ့အတွက် တစ်နိုင်ငံလုံးမှာ စုစုပေါင်း သေဆုံးသူ ၁၂ ဦး ရှိသွားပြီလို့ ကျန်းမာရေး အရာရှိတွေက ဘီဘီစီကို ပြောပါတယ်။

နောက်ထပ် သေဆုံးသူ နှစ်ဦးဟာ ရန်ကုန်က ဝေဘာဂီ ဆေးရုံမှာ ကုသခံနေတဲ့ ဧရာဝတီတိုင်းက အသက် ၄၇ နှစ် အရွယ် အမျိုးသမီး တစ်ယောက်နဲ့ နဲ့ ရန်ကင်း ကလေးဆေးရုံမှာ တက်ရောက် နေတဲ့ မွန်ပြည်နယ်က အသက် ၃ နှစ် ၇ လ အရွယ် ကလေးငယ် ဖြစ်တယ်လို့ ပြည်သူ့ ကျန်းမာရေး ဌာန ကူးစက်ရောဂါ ထိန်းချုပ်ရေး ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ဘီဘီစီကို ပြောပါတယ်။

အခုချိန်ထိ သေဆုံးသူတွေထဲမှာ ဧရာဝတီတိုင်းက သုံးဦးပဲ ပါတယ်လို့ ကူးစက်ရောဂါ ထိန်းချုပ်ရေး ဌာနက အတည်ပြုထားနိုင်ပေမဲ့ ဧရာဝတီတိုင်းက ကျန်းမာရေး တာဝန်ခံတွေနဲ့ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေကတော့ ၆ ဦးလို့ သတင်းထုတ်ပြန် ထားပါတယ်။

ဖျာပုံ၊ ပုသိမ်၊ ကျုံပျော်၊ ဒေးဒရဲ၊ ပန်းတနော်နဲ့ ညောင်တုန်း တို့ကဖြစ်တယ်လို့ ဧရာဝတီတိုင်း လူမှုရေး ဝန်ကြီး ဒေါက်တာ လှမြတ်သွေးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ပုသိမ်ဆေးရုံမှာ သေဆုံးခဲ့တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ယောက်က လွဲရင် ကျန်သူတွေက ရန်ကုန်ဆေးရုံကြီးမှာ ဒါမှ မဟုတ် ဆေးရုံကို အသွား လမ်းမှာ သေဆုံးခဲ့ကြတာလို့ ဒေါက်တာ လှမြတ်သွေးက ပြောပါတယ်။

ဇူလိုင်လ ၃၀ ရက်ကနေ ၃၁ ရက် အတွင်း H1N1 ဗိုင်းရပ်စ် ရှိတယ်လို့ သံသယရှိ ခံရသူ ၂၂ ဦး ကို စစ်ဆေး ကြည့်ရာမှာ ၁၁ ဦးမှာ ဗိုင်းရပ်စ် ရှိနေတာ တွေ့ရတယ်လို့ ဒေါက်တာ သန်းထွန်းအောင်က ဆိုပါတယ်။

ဗိုင်းရပ်စ်တွေ့ရှိသူ အားလုံးကို ဆေးရုံတင် စရာမလိုဘဲ ပြင်းထန်တဲ့ လက္ခဏာမရှိသူတွေကို အိမ်မှာပဲ နေစေပြီး စောင့်ကြည့်ဖို့ လိုတယ်လို့ သူကပြောပါတယ်။

နေပြည်တော်မှာ H1N1 ဗိုင်းရပ်စ် တွေ့ရသူ နှစ်ဦး ရှိပြီး သူတို့ အခြေအနေ ကောင်းမွန်တယ် လို့လည်း ဆိုပါတယ်။

H1N1 ဗိုင်းရပ်စ် ဟာ ကုသတာထက် ကာကွယ်တာက ပိုထိရောက်တယ်လို့ ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။

သေဆုံးသူတွေမှာ H1N1 ဗိုင်းရပ်စ် တွေ့ရပေမဲ့ အားလုံး ဒီဗိုင်းရပ်စ်ကြောင့် သေဆုံးတယ်လို့ တပ်အပ် ပြောလို့ မရဘဲ တခြားရောဂါအခံကြောင့် သေဆုံးတာ တွေလည်း ဖြစ်နိုင်တယ်လို့ ဒေါက်တာ သန်းထွန်းအောင်က ပြောပါတယ်။