ကိုဆွေဝင်းကို မန်း တရားရုံးက အာမခံပေး

  • 31 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် STRINGER
Image caption တရားရုံးကို ရောက်လာတဲ့ ကိုဆွေဝင်း

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃနဲ့ အမှုဖွင့်ခံထားရတဲ့ မြန်မာနောင်းသတင်းဌာနရဲ့ အယ်ဒီတာချုပ် ကိုဆွေဝင်းကို ဇူလိုင် ၃၀ ရက် နေ့ညနေက ရန်ကုန်လေဆိပ်မှာ ရဲကဖမ်းခဲ့ပြီး နောက်တစ်နေ့ ဇူလိုင်လ ၃၁ ရက် တနင်္လာနေ့မှာ မန္တလေးကိုပို့ပြီး ရုံးတင်စစ်ဆေးတာမှာ အာမခံပေးပြီး နောက်ရုံးချိန်း ချိန်းဆိုလိုက်ပါတယ်။

မန္တလေးမဟာအောင်မြေတရားရုံးက တရားသူကြီးက အာမခံပေးနိုင်တဲ့အမှုဖြစ်လို့ဆိုပြီး ကိုဆွေဝင်းဘက်က ယုံကြည်လောက်တဲ့ သက်သေနှစ်ဦး တင်ပြခိုင်းပြီး အာမခံငွေ သိန်း ၅၀ နဲ့ အာမခံပေးလိုက်ပါတယ်။

မန္တလေးမြို့နေ အမျိုးသားရေးဆရာတော်လို့ အသိများတဲ့ ဆရာတော် ဦးဝီရသူဟာ ပါရာဇိက ကျထိုက်နေပြီဆိုပြီး တခြား ဆရာတော်တစ်ပါး ပြောဆိုခဲ့တာကို ကိုးကားပြီး သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ပြန်ရေးခဲ့တဲ့ ကိုဆွေဝင်းကို မတ်လ ၇ ရက်နေ့က မန္တလေးမှာ နေတဲ့ ကိုကျော်မျိုးရွှေက မန္တလေးမြို့အမှတ် ၇ ရဲစခန်းမှာ ပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့် တိုင်ကြား ထားခဲ့တာ ဖြစ်ပါတယ်။

ကိုဆွေဝင်းကတော့ သူ့ကို အမှုဖွင့်တိုင်ကြားခဲ့သူဟာ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ အဖွဲ့ဝင်တစ်ဦးလို့ သိထားပြီး အခုတော့ မဘသ ဟာ တရားမဝင်အဖွဲ့ဆိုပြီး အဆုံးအဖြတ်တွေရှိလာပြီဆိုတာကို ထောက်ပြခဲ့ပါတယ်။ သူ့အနေနဲ့တော့ တရားဥပဒေဘောင်အတွင်းကပဲ အမှုကို ရင်ဆိုင်သွားမယ်လို့ ဆိုပါတယ်။

၆၆ဃဟာ အာမခံပေးထိုက်တာကြောင့် သူ့ကိုအာမခံပေးတာကို ကြိုဆိုကြောင်းနဲ့ ဒီပုဒ်နဲ့စွဲဆိုထားပြီး ဖမ်းဆီးခံရသူ တွေကိုလည်း သူ့ကိုအာမခံပေးသလို ပေးသင့်တယ်လို့လည်း ကိုဆွေဝင်းကပြောသွားပါတယ်။ ကိုဆွေဝင်းကို အာမခံပေးလိုက်တာနဲ့ ပတ်သက်ပြီး သူ့ကိုစွဲဆိုတိုင်ကြားထားတဲ့ တရားလို ဦးကျော်မျိုးရွှေကတော့ ကျေနပ်မှုမရှိလို့ မနက်ဖြန် ထပ်မံဦးတိုက်လျှောက်ထားတိုင်ကြားဦးမယ်လို့ ဆိုပါတယ်။

၆၆ဃနဲ့ စွဲဆိုခံထားရတဲ့ တခြားလူတွေ အာမခံမရပဲ ကိုဆွေဝင်းကိုတော့ အာမခံပေးခဲ့တာဟာ ဥပဒေဟာ အညီအမျှ မရှိဘူးလို့ ယူဆစရာ ဖြစ်တယ်လို့လည်း ဦးကျော်မျိုးရွှေက ပြောပါတယ်။